Sunday, July 2, 2017

မညီမျှမှုများနှင့် ပဋိပက္ခစိန်ခေါ်မှုများကို လျော့ပါးသက်သာစေရန် သမဝါယမများက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဆောင်ရွက်သွားရမည်


Image may contain: 1 person, crowd
နေပြည်တော် ဇူလိုင် ၁
အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သမဝါယမဦးစီးဌာန၌ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးဦးလှကျော်၊ နေပြည်တော်ကောင်စီဝင်များ၊ ဗဟိုသမဝါယမအသင်းလီမိတက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ INGO၊ NGO များ၊ သမဝါယမအသင်းသူ အသင်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ ဦးခင်မောင် အေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်ဈေးရောင်းပွဲတော်နှင့် အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို အဆိုပါ သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့အခမ်းအနားသည် မြန်မာနိုင်ငံတွင် (၂၃) ကြိမ် မြောက်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားဖြစ်ပါ ကြောင်း၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သည့် ''Co-operatives ensure no one is left behind အားလုံးပါဝင် အရောက်လှမ်းချီ သမဝါယမပန်းတိုင်ဆီ'' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သမဝါယမအသင်းအဖွဲ့ များအနေဖြင့် လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အမျိုးသားနှင့် အမျိုးသမီးခွဲခြားဆက်ဆံမှုများမရှိဘဲ လူသားအားလုံးလွတ်လပ်စွာ ပူးပေါင်း ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကြီး က တိုက်တွန်းနှိုးဆော်ထားကြောင်း၊ သမဝါယမအသင်းအဖွဲ့များသည် ငွေကြေးအရင်းအနှီး ဗဟိုပြုအဖွဲ့အစည်းမျိုးမဟုတ်ဘဲ ပြည်သူဗဟိုပြုအဖွဲ့ အစည်းမျိုးဖြစ်သည့်အတွက် အသင်းအဖွဲ့၏ ကြွယ်ဝချမ်းသာမှု၊ ဖွံ့ဖြိုးတိုးတက်မှု များကို ပိုမိုမျှတသည့်နည်းလမ်းဖြင့် ခွဲဝေခံစားနေကြသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း။
အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (ICA)တွင် အဖွဲ့ဝင် ၉၅ နိုင်ငံရှိပြီး အဖွဲ့ဝင်အသင်းပေါင်း ၂၈၄ သင်း၊ အသင်းသားပေါင်း တစ်ဘီလီယံ ကျော် ပါဝင်နေပြီဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ လူဦးရေသန်း ၂၅ဝ ကျော်သည် သမဝါယမလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလျက်ရှိနေသည်ကိုတွေ့ရှိရပါကြောင်း။
သမဝါယမများကို ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေး မှုအဖွဲ့ (UNESCO) က မျက်စိဖြင့်မမြင်နိုင်၊ ကိုင်တွယ်ထိတွေ့၍ မရသော လူသားချင်းကိုယ်ချင်းစာနာမှုဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်စာရင်း (List of intangible cultural heritage of humanity) တွင် ဖြည့်သွင်းသတ်မှတ် ခဲ့ပါကြောင်း၊ မညီမျှမှုများနှင့် ပဋိပက္ခ စိန်ခေါ်မှုများကို လျော့ပါးသက်သာစေရန် သမဝါယမများကလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
မြန်မာ့သမဝါယမကဏ္ဍအနေဖြင့်လည်း ကျေးလက်နေ တောင်သူဦးကြီးများအား ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများကို ထိရောက်စွာ လက်တွေ့ကျကျ ဆောင်ရွက်လျက်ရှိပြီး လက်ရှိရရှိထားသည့် အောင်မြင်မှုအရှိန်အဟုန်အတိုင်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ သမဝါယမ ဦးစီးဌာနနှင့် သမဝါယမအသင်း အဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သမဝါယမအသင်းသား တောင်သူဦးကြီးများကို အသေးစားအရင်းအနှီးချေး ငွေအဖြစ် ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် ငွေကျပ် ၅၁၂ ဒသမ ၅၄၇ ဘီလီယံနှင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ငွေကျပ် ၅၁၅ ဒသမ ၉၅၄ ဘီလီယံ၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း အရစ်ကျစနစ်ဖြင့် လယ်ယာသုံးစက်ကိရိယာမျိုးစုံ စီးရေ ၃၄၈၈ စီး၊ တန်ဖိုးငွေကျပ် ၂၅ ဒသမ ၄၅ ဘီလီယံနှင့် အဆင့်မြင့် စက်မှုလယ်ယာ ပြုပြင်ခြင်းတွင် ၃၅၇၂၈ ဒသမ ၇၇ ဧကအတွက် ချေးငွေကျပ် ၁၁ ဒသမ ဝ၃၂ ဘီလီယံတို့ ထုတ်ချေးထားသည်ကို တွေ့ရှိရပါကြောင်း၊ သတ္တမအကြိမ်မြောက်အတွက် တာဝန်ကျေ ပြန်လည်ပေးဆပ်ပြီးသည့် စိုက်ပျိုးရေး သမဝါယမအသင်းသားများအတွက် အဋ္ဌမအကြိမ်အဖြစ် ပေးအပ်မည့် ချေးငွေများကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ သမဝါယမအသင်းသားများသို့ စနစ်တကျ အမြန်ဆုံးဆက်လက်ထုတ်ချေးပေး သွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊
လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ် များမှာ သမဝါယမကဏ္ဍက ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း သည်လည်း တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
ယခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်နှင့်အညီ မြန်မာ့ သမဝါယမ အဖွဲ့အစည်းအနေဖြင့်လည်း လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အမျိုးသားနှင့် အမျိုးသမီးရေးရာခွဲခြားမှုမရှိစေဘဲ သမဝါယမအသင်းသား ပြည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျန်ခဲ့ခြင်းမျိုးမရှိစေဘဲ လူသား အားလုံးလွတ်လပ်စွာ ပူးပေါင်းပါဝင်စေပြီး သမဝါယမအောင်မြင်ရေး ပန်းတိုင် ဆီသို့ လက်တွဲညီညီအတူတကွလှမ်းကြပါစို့ဟု တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အပြည်ပြည် ဆိုင်ရာသမဝါယမနေ့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဗဟိုသမဝါယမအသင်း အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ တိုးနန္ဒာတင်က အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်မှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သမဝါယမ အသင်းစုချုပ်များသို့ အသေးစားအရင်းအနှီးချေးငွေကျပ် ၅၂၉ ဒသမ ၅၃ ဘီလီယံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အရစ်ကျငွေချေ စနစ်ဖြင့် ရောင်းချထားသည့် လယ်ယာသုံးစက်ကိရိယာမျိုးစုံစီးရေ ၂ဝဝဝ ကျော်အတွက် ပံ့ပိုးငွေကျပ် ၉ ဒသမ ၄၅ ဘီလီယံနှင့် လယ်ယာမြေအဆင့်မြှင့် တင်ရေးလုပ်ငန်း ဧက ၂၉ဝဝ၁ အတွက် ချေးငွေ ၈ ဒသမ ၅၉ ဘီလီယံတို့ကို ပေးအပ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍတို့တွင် စွမ်းဆောင်ရည် အကောင်းဆုံးဆုရရှိသည့်အသင်းများ၊ အမြင့်မားဆုံး စွမ်းဆောင်နိုင်သည့်အသင်းများ၊ စွမ်းဆောင်ရည်အကောင်းဆုံးမြို့နယ် ပထမ၊ ဒုတိယ၊ တတိယရရှိသူများနှင့် အကောင်းဆုံးပြခန်းများကို ဆုများပေးအပ်ကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (International Cooperative Alliance- ICA) ကို ၁၈၉၅ ခုနှစ်တွင် နိုင်ငံတကာတွင်ရှိသည့် သမဝါယမ အသင်းများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန်နှင့် စီးပွားရေးအားဖြင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ၁၉၂၃ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကမ္ဘာတစ်ဝန်း နှစ်စဉ်ကျင်းပလာခဲ့ကြောင်း သိရသည်။
၁၉၉၄ ခုနှစ်တွင် ကျင်းပသည့် (၄၉)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ်ဇူလိုင်လ၏ ပထမစနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့သဖြင့် ကမ္ဘာအရပ်ရပ်တွင်ရှိသည့် သမဝါယမအဖွဲ့အစည်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားများကို နိုင်ငံအလိုက် နှစ်စဉ်ကျင်းပခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment