Monday, July 31, 2017

သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန်လိုအပ်

Image may contain: one or more people and indoor
ဟားခါး ဇူလိုင် ၃ဝ
ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက ဟားခါးမြို့ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်က မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များ ပြင်းပြင်းထန်ထန် ကျရောက်တတ်သည့် အာရှ-ပစိဖိတ်ဒေသအတွင်း ရှိနေခြင်းကြောင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးသည် ချင်းပြည်နယ်အတွက် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် ကြိုတင်ကာကွယ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင်ရွက် ခြင်းစသည့်ကဏ္ဍများ ပိုမိုအားကောင်းလာ အောင် ပြုလုပ်ထားရန်လိုအပ်ကြောင်း၊ မိမိတို့ ချင်းပြည်နယ်သဘာဝဘေးလျော့ပါး ရေးအတွက် ပြီးပြည့်စုံသော ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် ပေါ်ထွက်လာခြင်းဖြင့် ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းမှသည် ထိရောက်သောတုံ့ပြန် ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ခြင်းဆီသို့ အရောက်လှမ်းနိုင်မည်ဖြစ်ကြောင်းဖြင့် ထည့်သွင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်အောင်နှင့်IOM မှ စီမံချက်ညှိနှိုင်းရေးမှူးMr.Dedy Alfiian တို့က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊IOMနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
(ပြည်နယ် ပြန်/ဆက်)

No comments:

Post a Comment