Sunday, July 2, 2017

အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလမောင်နှင့် အမျိုးသမီးကာယကြံ့ခိုင်မှု ပြိုင်ပွဲကျင်းပ

Image may contain: 3 people, people smiling
ရန်ကုန် ဇူလိုင် ၁
၂ဝ၁၇ ခုနှစ် အိုလံပစ်နေ့အထိမ်း အမှတ် ကာယဗလမောင်နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဇူလိုင် ၁ ရက် က မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ၌ ကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲ ကို မြန်မာနိုင်ငံကာယဗလနှင့် ကာယ ကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်နှင့် Nat Ray Wellness၊ Real Fitness၊ The Gym City Fitness Center၊ San နှင့် My Gym တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။
''အရင်တုန်းကတော့ body building ဆိုရင် လူစိတ်ဝင်စားမှု အလွန်နည်းပါတယ်။ ဒီနှစ်ဆိုရင် Model Physique ပိုင်းပါထည့်လိုက်တော့ လူပိုစိတ်ဝင်စားလာတယ်။ အခုဆို တချို့စိတ်ဝင်စားလို့ လာကြည့် တဲ့သူတွေရှိသလို လာလေ့လာတဲ့သူ တွေလည်း တွေ့ရတယ်။ နောက်နှစ် တွေဆို ပိုအောင်မြင်လာမယ်လို့ ယူဆတယ်'' ဟု မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မာလာက ပြောသည်။
ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမျိုးသား အမျိုးသမီး ၁ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသား ကာယဗလမောင်ပြိုင်ပွဲတွင် (၅ဝ)နှစ် အထက် ဝင်ရောက်ယှဉ်ပြိုင်သူ ၁၄ ဦးတွင် ပထမဆုကို ခါးနံပါတ်(၇) ဦးအောင်ဇော်လင်းက လည်းကောင်း၊ အငယ်တန်း ကာယဗလမောင်ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ ၂ဝ တွင် ပထမဆုကို ခါးနံပါတ်(၁၇) အောင်မြင့်သိန်းက လည်းကောင်း၊ အလွတ်တန်း ကာယဗလမောင်ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ ကိုးဦးတွင် ပထမဆုကို ထွန်းထွန်းအောင်က လည်းကောင်း၊ အမျိုးသား Man Sport Physique ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ ၂ဝ တွင် ကျော်ထက်အောင်က လည်းကောင်း ရရှိခဲ့သည်။
အမျိုးသမီးကာယကြံ့ခိုင်မှု Model Physique ၁၆ဝ စင်တီမီတာအောက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ခုနစ် ဦးတွင် ပထမဆုကို သန္တာဦးက လည်းကောင်း၊ အမျိုးသမီး ကာယကြံ့ခိုင်မှု Model Physique ၁၆ဝ စင်တီမီတာအထက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ငါးဦးတွင် ပထမဆုကို အင်ကြင်းသန့်ဇင်က လည်းကောင်း၊ အမျိုးသမီး ကာယကြံ့ခိုင်မှု Athletic Physique ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သူ သုံးဦးတွင် ပထမဆုကို နှင်းနှင်းအေးကလည်း ကောင်း၊ အမျိုးသမီးကာယကြံ့ခိုင်မှု Model Physique အလွတ်တန်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ သုံးဦးတွင် နန်းလောင်ခမ်းက လည်းကောင်း ရရှိခဲ့သည်။
''အခုပြိုင်ပွဲက အာရှပွဲအတွက် ရွေးတဲ့ပြိုင်ပွဲမို့ အကောင်းဆုံးကြိုးစားပြီး လာရောက်ယှဉ်ပြိုင်တာပါ။ ဆုရရှိတဲ့အတွက်၊ ကိုယ်ကြိုးစားသလောက် ကိုယ်ပြန်ရတဲ့ အတွက်လည်း အတိုင်းမသိဝမ်းသာပါတယ်''ဟု အမျိုးသမီး ကာယကြံ့ခိုင်မှု Model Physique အလွတ်တန်းပြိုင်ပွဲ အတွက် ပထမဆုရရှိသူ နန်းလောင်ခမ်းက ပြောသည်။
ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး ပထမဆုရရှိသူ များအား ဆုငွေကျပ် သုံးသိန်း၊ ဒုတိယဆု ကျပ် နှစ်သိန်း၊ တတိယဆု ကျပ်တစ်သိန်းနှင့် နှစ်သိမ့်ဆု ငါးသောင်းစီ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အမျိုးသား အမျိုးသမီး အားကစားမောင်မယ်များထဲမှ သြဂုတ် ၂ဝ ရက်တွင် ကိုရီးယားနိုင်ငံဆိုးမြို့၌ ကျင်းပမည့် ကာယ ဗလမောင်နှင့် အမျိုးသမီးကာယကြံ့ခိုင်မှု ပြိုင်ပွဲအတွက် ပဏာမရွေးချယ်သွားမည်ဟု သိရသည်။
သတင်း-ခင်ဇာလီ၊ ဓာတ်ပုံ-မီချီကိုဟန်

No comments:

Post a Comment