Friday, July 28, 2017

သဘာဝဘေးဒုက္ခသံသရာမှလွတ်မြောက်ရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်


နှစ်စဉ် ဤရာသီတွင် ဖြစ်နေကျအတိုင်း မြစ်ရေကြီးခြင်း၊ တောင်ကျရေ ကျဆင်းခြင်းနှင့် မြေပြိုခြင်း၊ မြစ်ကမ်းပါးများပြိုကျခြင်း၊ ရေတိုက်စား ခံရခြင်း စသည့်သဘာဝဘေးအ္တရာယ်များကို ယခုနှစ်တွင်လည်း လူဦးရေ သိန်းနှင့်ချီ၍ တွေ့ကြုံခံစားကြရသည်။ ရေကြီးရေလျှံမှုကြောင့် သီးနှံ စိုက်ခင်းများ ပျက်စီးဆုံးရှုံးရခြင်း၊ လူနေရပ်ကွက်ကျေးရွာများအတွင်း ရေဝင်ရောက်ခြင်း၊ လူနေအိမ်နှင့် သာသနိကအဆောက်အအုံများ ပျက်စီး ဆုံးရှုံးခြင်း၊ ရေဘေးအ္တရာယ်မှ တိမ်းရှောင်ကာ ရေလွတ်သည့်နေရာများသို့ သွားရောက်ခိုလှုံရခြင်း စသည့်သတင်းများကို မီဒီယာများတွင် တွေ့မြင် ကြရသကဲ့သို့ပင် မိုးစပါးစိုက်ပျိုးချိန် ကျရောက်နေသော်လည်း လိုအပ် သော စိုက်ပျိုးရေမရရှိ၍ စိုက်ပျိုးရန် အခက်အခဲကြုံနေရသော ဒေသများရှိနေကြောင်းကိုလည်း သတင်းများ၌ မြင်တွေ့နိုင်ရာ ရာသီဥတု ဖောက်ပြန်မှု၏ သဘောသဘာဝကို ရှင်းလင်းစွာ တွေ့မြင်နေကြရခြင်းပင် ဖြစ်သည်။
ရာသီဥတုဖောက်ပြန်မှုများ၏ မူလအကြောင်းရင်းခံတွင် လူတို့၏ ပယောဂမကင်းကြောင်း ပညာရှိများက သတိပေးထားခဲ့ပြီးဖြစ်သလို ဖြစ်ရိုးဖြစ်စဉ်ထက် ပိုမိုကြမ်းတမ်းဆိုးရွားသော ရာသီဥတုဖြစ်စဉ်များကို အနာဂတ်တွင် လူသားတို့ ပိုမိုကြုံတွေ့ကြရမည်ဟူ၍လည်း ဟောကိန်း ထုတ်ထားကာ သဘာဝဘေးအ္တရာယ်များကို ကြိုတင်ကာကွယ်ရင်ဆိုင် နိုင်ကြရေးအတွက်လည်း နှိုးဆော်ခဲ့ကြသည်။ သဘာဝဘေးအ္တရာယ် ဖြစ်ပွားလာချိန်ကျမှသာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းတိမ်းရှောင်ရခြင်း၊ စာရင်းဇယားပြုစုရခြင်း၊ ကယ်ဆယ်ရေးပစ္စည်းဝေငှရခြင်း စသည့် လုပ်ငန်းများကို သယ်ယူပို့ဆောင်မှုအခက်အခဲ၊ သွားလာမှုအခက်အခဲ၊ ဆက်သွယ်ရေးအခက်အခဲ စသည့် အခက်အခဲများကြားမှ ခက်ခဲစွာ ဆောင်ရွက်ကြရပြီး ကွက်ပြည့်မနင်းနိုင်သည့် အခြေအနေများနှင့် ရင်ဆိုင်ကြရကြောင်း ပြီးခဲ့သည့်နှစ်များမှ အတွေ့အကြုံများကို မှတ်တမ်း များရယူပြီး နောင်နှစ်များတွင် ကျော်လွှားနိုင်ရန် ပြင်ဆင်ထားဖို့လိုမည် ဖြစ်သည်။
အောက်ခြေအဆင့်တွင် ကျေးရွာအလိုက်၊ မြို့နယ်အလိုက်၊ ခရိုင် အလိုက်၊ ဒေသအလိုက် ရင်ဆိုင်ကြုံတွေ့ရသည့် သဘာဝဘေးအ္တရာယ် အမျိုးအစားများနှင့် ဖြစ်စဉ်များ၊ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ၊ ဒေသအလိုက် ကြိုတင်ပြင်ဆင်ထားသင့်သည့် လုပ်ငန်း များ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ထားသင့်သည်များ၊ ဒေသအလိုက် ထူးခြားသည့်အခြေအနေများ စသည့် မှတ်တမ်းမှတ်ရာများ အဆင့်ဆင့်ပြုစုခြင်းကို နိုင်ငံတော်အဆင့်အထိပြုစုကာ နည်းပညာ အကူအညီဖြင့် ဆောင်ရွက်ခြင်းအားဖြင့် ရေရှည်တွင် သဘာဝ ဘေးအ္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ကူညီ ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးတို့တွင် ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
တစ်ဖက်တွင်လည်း သစ်တောများ၊ မြစ်ချောင်းများနှင့် သဘာဝ ပတ်ဝန်းကျင်များကို ဥပဒေများနှင့်အညီ ထိထိရောက်ရောက် ထိန်းသိမ်း ကာကွယ်ခြင်း၊ တရားမဝင်ကျောက်မျက်၊ ရွှေနှင့် သတ္တုများတူးဖော် ရှာဖွေခြင်းတို့ကို ထိရောက်စွာနှိမ်နင်းခြင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများ ဖြစ်သည့် ရထားလမ်း၊ ကားလမ်းများ၊ ဆည်၊ တာတမံများ တည်ဆောက် ခြင်းပြုလုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုကို မှန်ကန်စွာ ဆန်းစစ်ခြင်း၊ တည်ဆောက်ပြီးဖြစ်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများ၏ ပတ်ဝန်းကျင်ထိခိုက်မှုများကို ပြန်လည်ဆန်းစစ်ကာ ပြုပြင်မှုများပြုလုပ် ခြင်းတို့အတွက် လိုအပ်မည့်ဥပဒေများ၊ ရင်းနှီးမြှုပ်နှံမှုများကို အနာဂတ် ကာလ သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရေးနှင့် သဘာဝ ဘေးအ္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေးတို့ကို ရည်ရွယ် ကာ ဆောင်ရွက်သွားရမည်ဖြစ်သည်။
နှစ်စဉ် အချိန်ရာသီကျရောက်လာသည်နှင့် ကြုံတွေ့ရမည့် သဘာဝ ဘေးအန္တရာယ်ကို ရှောင်လွှဲ၍ရမည်မဟုတ်ဘဲ ရင်ဆိုင်ကျော်လွှားကြရ မည်သာ ဖြစ်သည့်အလျောက် ရေတို ရေရှည်အစီအမံများချမှတ်၍ ထိရောက် မှန်ကန်စွာ ဆောင်ရွက်ခြင်းဖြင့်သာ သဘာဝဘေးဒုက္ခသံသရာမှ လွတ်မြောက်နိုင်မည်ဟု ရှုမြင်ပါကြောင်း။ ။

No comments:

Post a Comment