အမေရိကန်ပြည်ထောင်စု မိုင်ယာမီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဘာစီလိုနဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ ဂလက်စီကို ပွဲစဉ်မှာ ဘာစီလိုနာက သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူကာ နိုင်ငံတကာ ချန်ပီယံရှစ်ဖလားကို သိမ်းပိုက်သွားခဲ့ပါတယ်။ ဘာစီလိုနာ အသင်းက တိုက်စစ်မှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်ပိုင်းမှာလည်း ဆာဂျီယို၊ အင်နီယေစတာ၊ ရာကီတစ်တို့ ပွဲထွက်လာခဲ့ပြီး ရီးယဲလ် ကလည်း သူတို့ရဲ့ ပထမပွဲထွက်အခင်းအကျင်းမှာ ပါဝင် နေကျ စီရိုနယ်လ်ဒိုနဲ့ တိုနီခရူးစ်ကလွဲရင် ကျန်တဲ့ ကစား သမားအစုံအလင်နဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် မဟာပြိုင်ဘက် ဘာစီလိုနာကိုတော့ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပွဲအစ ၃ မိနစ်နဲ့ ၇ မိနစ် တို့မှာ မက်ဆီနဲ့ ရာကီတစ်တို့ သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ စောစောစီးစီး နှစ်ဂိုးပြတ်ဦးဆောင်ခဲ့ပေမယ့် ရီးယဲလ်အတွက် ကိုဗာဆစ်နဲ့ အဆန်စီယိုတို့က ချေပဂိုးတွေ ပြန်သွင်းလို့ ပထမပိုင်းမှာ နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၅ဝ မှာ နောက်ခံလူ ပီကေးက သူဂိုးသွင်းနေကျ ပုံစံအတိုင်း ဘာကာအတွက် အနိုင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် ရီးယဲလ်တို့ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါ တယ်။ ရီးယဲလ်ကတော့ နိုင်ငံတကာချန်ပီယံရှစ်အမည်နဲ့ ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲမှ ရရှိခဲ့ခြင်းမရှိခဲ့သလို ပုံစံကောင်းတစ်ရပ်ကိုလည်း တစ်ပွဲတလေမျှ ပြသနိုင်ခြင်း မရှိခဲ့ပါဘူး။ ဘာစီလိုနာဟာ ယခုပွဲမှာ ရီးယဲလ်ကိုပါ ထပ်မံ အနိုင်ရခဲ့တာကြောင့် သုံးပွဲကစား ပွဲတိုင်းအနိုင်ရပြီး ရမှတ် ကိုးမှတ်နဲ့ နိုင်ငံတကာ ချန်ပီယံရှစ်ဖလားကို ရယူသွားခဲ့တာ ဖြစ်ပါတယ်။ အခြား နိုင်ငံတကာချန်ပီယံရှစ် ပွဲစဉ်တစ်ပွဲမှာ တော့ မန်စီးတီးက ပရီမီယာလိဂ်ပြိုင်ဘက် စပါးကို သုံးဂိုးပြတ်နဲ့ အနိုင်ကစားခဲ့ပေမယ့် ဘာစီလိုနာက ရီးယဲလ် ကို အနိုင်ရခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
မေလဲ့သင်း
No comments:
Post a Comment