Monday, July 31, 2017

ပဲခူးရိုးမ သဘာဝသစ်တောအတွင်းရှိ သဘာဝအခြေခံခရီးစဉ်အသစ် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုသိရှိစေရန် ဈေးကွက်တင်

Image may contain: house, tree, sky, bridge and outdoor

နေပြည်တော် ဇူလိုင် ၃ဝ
ပဲခူးရိုးမ ဖြတ်လမ်းတစ်ခုဖြစ်သည့် အုတ်တွင်း-ပေါက်ခေါင်း မိုင်တိုင်အမှတ် (၄၃)၌ ဖြိုးစည်သူကုမ္ပဏီက တည် ဆောက်ထားသည့် BagoYoma Eco Resort ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့ တက်ရောက်ကြ သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနှင့် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်တို့က အမှာစကား များ ပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် ၁၉၉၆ ခုနှစ်တွင် သဘာဝ အခြေခံခရီးသွားစခန်း ၁၅ ခု သတ်မှတ် ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် သဘာဝနယ်မြေ ၁၉ ခုနှင့် ဆင်စခန်းနှစ်ခု စုစုပေါင်း ၂၁ ခုအထိ တိုးချဲ့သတ်မှတ်ခဲ့ကြောင်း၊ဝန်ကြီးဌာနအနေဖြင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်ရာတွင် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေးတွင် အထောက်အကူပြုစေရန်၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိရေးကို အထောက်အကူပြု စေရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်းမှတစ်ဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးလုပ်ငန်းများတွင် ဒေသခံများ ပူးပေါင်းပါဝင်မှုမြှင့်တင်ရန် စသည့် ဦးတည်ချက် များဖြင့် လူမှုဘဝဖွံ့ဖြိုးရေးတို့တွင် ဒေသခံများ ပူးပေါင်းပါဝင် လာရေးတို့ကို ဦးတည်ချက်များချမှတ် ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သဘာဝအခြေခံ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်း၊ သတ်မှတ်ထားပြီးဖြစ်သော သဘာဝအခြေခံ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများချမှတ်အကောင် အထည်ဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် အရေးကြီးသော ကဏ္ဍ တစ်ခုအနေဖြင့် ပါဝင်နေကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုများတွင်လည်းကောင်း၊ ချင်းပြည်နယ်ရှိ ရိဒ်ရေကန်၊ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်၊ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ ဖုန်ကန်ရာဇီ တောရိုင်းတိရ္ဆာန် ဘေးမဲ့တော စသည့် သဘာဝအခြေခံခရီးစဉ်ဒေသများတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း၊ ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင် များနှင့် သတင်းမီဒီယာများအနေဖြင့် ယခုဖွင့်လှစ်သည့် ပဲခူးရိုးမသဘာဝသစ်တောအတွင်းရှိ သဘာဝအခြေခံခရီးစဉ် အသစ်ကို ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုသိရှိ စေရန် ဈေးကွက်တင်ရောင်းချခြင်း၊ ခရီးစဉ်မြှင့်တင်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တောင်လည်တိုက်နယ်ဆေးရုံသို့ ခွဲစိတ်ခန်းအထောက်အကူ ပြုပစ္စည်းများ လှူဒါန်းပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က တောင်လည် တွဲဖက် အ.ထ.ကကျောင်းသို့ စာရေးခုံများ လှူဒါန်းသည်။
ဆက်လက်၍ ဖြိုးစည်သူကုမ္ပဏီစိုက်ခင်း မန်နေဂျာက ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ဆုငွေကျပ် $ ငါးသိန်းအား မြို့နယ်ပညာရေးမှူးထံ ပေးအပ်ခဲ့သည်။
ထို့နောက် ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင် များ၊ သတင်းမီဒီယာများအားWild Wings Photography Group မှ ဦးစိန်မျိုးမြင့်က ဖြိုးစည်သူကျွန်းစိုက်ခင်းနှင့် သဘာဝတောကျန်အကြောင်း ရှင်းလင်းခြင်းနှင့် Myanmar Birds & Nature Socity ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က သဘာဝတောကျန်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်း ရေရှည်တည်တံ့ရေးအကြောင်း ရှင်းလင်းပြောကြား ကြပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြား ကြသည်။
Bago Yoma Eco Resort ၌ Deluxe၊ Superior၊ Standard၊ Honeymoon Villa အခန်းအမျိုးအစားများ ဖြင့် သဘာဝအခြေခံများကို ပျက်စီးယိုယွင်းမှုမရှိစေရန် ဖွဲ့စည်း တည်ဆောက်ထားပြီး လာရောက်သော ဧည့်သည်များအတွက် တောတွင်းခရီးကြမ်း လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဆင်စီးခြင်း၊ ငှက်ကြည့်ခြင်း၊ ကရင်တိုင်းရင်းသားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာထွက်ကုန်များကို လေ့လာခြင်း၊ ဆင်များ၏ ဓလေ့စရိုက်များ ကို လေ့လာခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ပြင်ဆင်ထား ကြောင်း သိရှိရသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခရီးစဉ်များ သွားရောက် လေ့လာနိုင်သည့် ပြည်မြို့ရှိ သီရိခေတ္တရာပြတိုက်နှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းသို့ လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment