Monday, July 3, 2017

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နာဂဒေသ လေရှီးမြို့နယ် စိုက်သီးနှံများထိခိုက်မှု နိုင်ငံတော်ကထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်မည်

Image may contain: mountain, sky, outdoor and nature
လေရှီး ဇူလိုင် ၂
မေလအတွင်းက မိုးသည်းထန်စွာရွာသောကြောင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် သီးနှံများ ထိခိုက်ပျက်စီးမှုများရှိရာ တောင်သူများထံသို့ နိုင်ငံတော် မှ ထောက်ပံ့ပေးနိုင်ရေးအတွက်တင်ပြဆောင်ရွက်မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းထံမှသိရသည်။
''နာဂဒေသလေရှီးမြို့နယ်မှာ မေ ၃ဝ ရက်က မိုးရေချိန် ၁ ဒသမ ၈၅ လက်မနဲ့ မေ ၃၁ ရက်က မိုးရေချိန် ၆ ဒသမ ၆၅ လက်မရွာတဲ့အတွက် သီးနှံထိခိုက်ပျက်စီးတဲ့ အပေါ် လေရှီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကွင်းဆင်းစစ်ရာမှာ မိုးစပါး တစ်ဧက၊ ပြောင်းဖူးခင်း ၂၂ ဧက ထိခိုက်ပျက်စီးခဲ့တယ်ဆိုတာတွေ့ရပါတယ်။ ကွင်း ဆင်း စစ်ဆေးရေးအဖွဲ့က သီးနှံပျက်တဲ့အပေါ်သီးနှံ ထောက်ပံ့ကြေးငွေအနေနဲ့ မိုးစပါးတစ်ဧက တစ်သိန်းနှုန်းနဲ့ ပြောင်းဖူးခင်း တစ်ဧက ခုနစ်သောင်းနှုန်းသတ်မှတ်ပြီး စုစုပေါင်းသီးနှံ ထောက်ပံ့ငွေကျပ် ၁၆၄ဝဝဝဝကို တောင်သူ တွေ ဆီ ကို နိုင်ငံတော်ကထောက်ပံ့ပေးနိုင်ဖို့အတွက် အဆင့်ဆင့် တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ဒေါက်တာ ဇော်ဝင်းက ပြောပြသည်။
လေရှီးမြို့နယ်အတွင်း မေလ ၃ဝ နှင့် ၃၁ ရက်နေ့တွင် လေပြင်းတိုက်ခတ်မိုးသည်းထန်စွာရွာသွန်းသောကြောင့် ရန်နွေးနှင့် ပွန်းကိုင်လင်ကျေးရွာအုပ်စုတို့တွင် အိမ်ထောင်စု ၂၄ စု၏ နွား ၁၂၂ ကောင်၊ ကျွဲအကောင် ၃ဝ မှာ ရေတွင်မျောပါပျောက်ဆုံးခဲ့သလို ဝါးတော ထိန့်ဖာ ရန်နှင့် ဆုံလင်ရန်ကျေးရွာအုပ်စုတို့တွင် နွား ၁ဝ ကောင် သေဆုံးခြင်းတို့အတွက် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့၏အတည်ပြုချက်ဖြင့် အမှန်ပျောက်ဆုံးမျောပါသေဆုံး ကောင်ရေစာရင်းနှင့် တန်ဖိုးတွက်ချက်မှုများရရှိပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စု ဝန်ကြီးဌာနများသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ် ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment