မြန်မာ့အလင်းအယ်ဒီတာအာဘော်
မည်သည့်နိုင်ငံ၌မဆို အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား ဟန်ချက် ညီသော သို့မဟုတ် အပြန်အလှန်ညှိညှိနှိုင်းနှိုင်းဆောင်ရွက်နိုင်စွမ်း ရှိသောဆက်ဆံရေးသည် အရေးကြီးသော အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ အလုပ်သမားတို့၏ ရသင့် ရထိုက်သော အခွင့်အရေးများ ကို အလုပ်ရှင်တို့က အပြည့်အဝပေးရန်လိုအပ်သကဲ့သို့ အလုပ်သမား တို့ကလည်း အလုပ်ရှင်တို့၏ လုပ်ငန်းလည်ပတ်နိုင်စွမ်းကို ထိခိုက် နစ်နာစေသည်အထိ တောင်းဆိုမှုများ မပြုလုပ်ရန်လိုအပ်ပါသည်။အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား အပြန်အလှန် အကျိုးဖြစ်ထွန်း စေသော အထက်ပါဆက်ဆံရေးမျိုး ထူထောင်နိုင်ရန်အတွက် သက်ဆိုင်ရာအတည်ပြုပြဋ္ဌာန်းပြီး ဥပဒေတို့ကို နှစ်ဖက်စလုံးတို့က ကျေကျေညက်ညက်နားလည်ရန်လိုအပ်ပါသည်။ သို့သော် လက်တွေ့ ဆောင်ရွက်ရာ၌ ဥပဒေပြဋ္ဌာန်းချက်တို့ကို အသေဆုပ်ကိုင်ခြင်းမျိုးထက် ပြဋ္ဌာန်းထားသောဥပဒေတို့၏ ဘောင်အတွင်းက နှစ်ဖက်စလုံးလက် ခံနိုင်သည့်ဖြေရှင်းချက်ရရှိရေးကို ကြိုးပမ်းခြင်းသည် အရေးကြီးသော လိုအပ်ချက်ဖြစ်ပါသည်။
နိုင်ငံတော်၏ ပြောင်းလဲလာသော အခြေအနေတို့အရ အလုပ်သမားအဖွဲ့အစည်းတို့ လည်ပတ်လှုပ်ရှားနေပြီဖြစ်သော်လည်း အလုပ်ရှင်အဖွဲ့အစည်းဟူ၍ မရှိသေးသည်မှာ လစ်ဟာနေသော လိုအပ်ချက်တစ်ရပ်ဖြစ်နေပါသည်။ ယခုအခါ အဆိုပါ လစ်ဟာချက်ကို ဖြည့်ဆည်းရန်အတွက် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့သည် မြန်မာနိုင်ငံကုန်သည် ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ချိတ်ဆက် ဆောင်ရွက်နေပြီဖြစ်ပါသည်။ ဤသို့ချိတ်ဆက်ဆောင်ရွက်နေမှုကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတို့ကလည်း လိုအပ်သလို ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ဤနေရာ၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့၏ လုပ်ဆောင် ချက်တို့ကို အသိအမှတ်ပြုတင်ပြလိုပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က မန်နေဂျာများအပါအဝင် လုပ်ငန်းရှင်တို့အား အလုပ်သမားဆိုင်ရာ ကိစ္စရပ်တို့ကိုသာမက အလုပ်ရှင်၊ အလုပ်သမား တို့နှင့် အကျုံးဝင်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေတို့ကို သင်တန်းပေး ပို့ချပေးနေခြင်းသည် အခြေခံအုတ်မြစ်လို အပ်ချက် တစ်ရပ်ကို ဖြည့်ဆည်းဖော်ဆောင်ပေးနေခြင်းဖြစ်ပါသည်။ ဤအခြေခံ အုတ်မြစ် လိုအပ်ချက်ဖြည့်ဆည်းမှုတို့ အရှိန်အဟုန်ရလာသည်နှင့်အမျှ ယခုနှစ်အတွင်း တိုင်းဒေသကြီးတို့နှင့် ပြည်နယ်အားလုံးတို့တွင် အလုပ်ရှင်အဖွဲ့အစည်းများ ဖွဲ့စည်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂ဝ၁၂ခုနှစ် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ဖျန်ဖြေရေး ဥပဒေရှိပြီးဖြစ်သော်လည်း အလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်ရှင် အဖွဲ့အစည်းတို့အကြား ညှိနှိုင်းဆွေးနွေးမှုသည် ပကတိအခြေအနေ တစ်ရပ်လုံးအပေါ် ပိုမိုလွှမ်းခြုံမှုရှိစေမည်ဖြစ်ပါသည်။ အရေးကြီး ဆုံးအချက်မှာ အလုပ်သမားအဖွဲ့အစည်းတို့နှင့် အလုပ်ရှင်အဖွဲ့အစည်း တို့သည် တိုင်းပြည်၏ ရေရှည်အကျိုးစီးပွားကို ဦးတည်လျက် နှစ်ဖက် စလုံးကလက်ခံနိုင်သော မျှတသည့်ဖြေရှင်းချက်ရရှိစေရန် ညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။
No comments:
Post a Comment