Wednesday, June 28, 2017

တပ်မတော်စစ်ကြောင်းများကTNLAလက်နက်ကိုင်အဖွဲ့များ၏ လေ့ကျင့်ရေးပြုလုပ် စခန်းပုန်းနှင့် လက်နက်၊ ခဲယမ်းများ သိမ်းပိုက်ရရှိ

Image may contain: 2 people, people smiling, sky and outdoor

နေပြည်တော် ဇွန် ၂၇

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နမ့်ဆန်မြို့နယ် မန်လန်းကျေးရွာအနီးတစ်ဝိုက် တောတွင်းတစ်နေရာ၌ TNLAလက်နက်ကိုင် အဖွဲ့က သင်တန်းများဖွင့်လှစ်သင်ကြားနေကြောင်းသတင်းအရ တပ်မတော်စစ်ကြောင်းများက ၄င်းနေရာ တစ်ဝိုက်အား ဇွန် ၂ဝ ရက်မှစတင်၍ နယ်မြေရှင်းလင်းခဲ့ရာ ဇွန် ၂ဝ ရက် နံနက် ၈ နာရီခန့်တွင် မန်လန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂ဝဝဝ ခန့်၌ လေ့ကျင့်ရေးပြုလုပ်သည့် စခန်းပုန်းတစ်ခုကို တွေ့ရှိရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းပုန်းနေရာ၌ အခြေခံ အဆောက်အအုံများဖြစ်သည့် ပေ ၄ဝ ပတ်လည်ခန့်ရှိ တန်းစီကွင်း၊ သင်တန်း ခန်းမဆောင် တစ်ဆောင်၊၄င်းခန်းမ ဆောင်အတွင်းမှ သုံးဦးထိုင်ခုံတန်းရှည် ၁၂ လုံး၊ အိပ်ဆောင် သုံးလုံး၊ ထမင်း ချက်ဆောင်တစ်လုံးနှင့် ထမင်းစား ဆောင်တစ်လုံး စုစုပေါင်း အဆောက် အအုံခြောက်လုံးနှင့် မီးစက်တစ်လုံး၊ ဒီတိုနေတာ ၁၂ ချောင်း၊ ပေ ၁ဝဝ ခန့်ရှိ ဝါယာကြိုးခွေ တစ်ခွေ၊ TNLAဘတ်တံဆိပ်ပါ ဝတ်စုံ ၄ဝ၊ အစိမ်းရောင် စောင်အထည် ၂ဝ၊ ဂလူးကို့စ် အားသွင်း ဆေးရည် အလုံး ၅ဝ၊ ဆေးမျိုးစုံ ဆာလာအိတ်နှစ်အိတ်နှင့် ဆန်အိတ်များ၊ စားသောက်ဖွယ်ရာများကို သိမ်းဆည်း ရမိခဲ့ပြီး ထပ်မံရှင်းလင်းစဉ် စခန်းဝန်းကျင် တစ်ဝိုက်နှင့် အဆောက်အအုံများ အကြားမှ လေးလက်မသံပိုက်ဖြင့် ပြုလုပ် ထားသည့် ဒေသန္တရတိုက်မိုင်း ငါးလုံး၊ ရှစ်လက်မ သံပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရတိုက်မိုင်းတစ်လုံးနှင့် ငါးဂါလန် ဝင် ပလတ်စတစ်ပုံးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း လေးလုံးတို့ကို တွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းနိုင် ခဲ့ကြောင်း သိရသည်။
အလားတူ ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ၄င်းစခန်းပုန်း၏ အရှေ့ဘက် နှင့် အရှေ့တောင်ဘက် လျှိုစောင်း ချုံအတွင်းမှ ဒေသန္တရလက်လုပ်မိုင်း ၁၃ လုံးနှင့် အလျားလေးလက်မ၊ အနံ လေးလက်မ၊ အမြင့်ခြောက်လက်မခန့်ရှိ လေးထောင့်သံပုံးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း လေးလုံးတို့ကို ရှာဖွေရှင်းလင်းနိုင်ခဲ့ပြီး ဇွန် ၂၆ ရက် အထိ ထိတွေ့မှုငါးကြိမ် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီးနောက် TNLA လက်နက်ကိုင်အဖွဲ့များသည် အနောက် ဘက်နှင့် အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ကာ အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အလောင်းလေးလောင်း၊ အမ် ၂၂ သေနတ် ၁၂ လက်၊ စက်လတ် တစ်လက်၊ ကေ ၁၂ သေနတ်တစ်လက်၊ အမ် ၂၂ ဒင်ခေါက် သေနတ် တစ်လက်၊RPG ဒုံးသီး ၂၆ လုံး၊ ၆ဝ မမ ဗုံးသီး ၁၁ လုံး၊ အမ် ၂၂ ကျည်အိမ် ၁၄ ခု၊၄င်းကျည်တောင့် ၈ဝဝ၊ စနိုက်ပါ ကျည်အိမ်သုံးခု၊ စာရွက်စာတမ်းမျိုးစုံ ဆာလာအိတ်နှစ်ထုပ်နှင့် စစ်ဝတ် ပစ္စည်းမျိုးစုံ ဆာလာအိတ်တစ် ထုပ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment