Monday, June 26, 2017

NSSA အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်ပညာရှင်များ၊လုပ်သားများဖြစ်စေရန် ပြုစုပျိုးထောင်

Image may contain: 4 people, people sitting and indoor
မကွေး ဇွန် ၂၅
စက်မှုလုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ အခြေခံကျသော ကျွမ်းကျင်ပညာရှင်များ၊ ကျွမ်းကျင်လုပ်သား Skilled Labour များ လိုအပ်လာမည်
ဖြစ်ပြီး ယင်းလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) မှ လုပ်ငန်းစဉ်များချမှတ်၍ ပြုစုပျိုးထောင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
'' ရှစ်တန်းအောင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်တဲ့၊ လေလွင့်သွားနိုင်တဲ့ Drop Out လူငယ်တွေအတွက် နှစ်နှစ်သင်တန်း
တွေရှိပါတယ်။ ရှစ်တန်းမအောင်တဲ့သူတွေအတွက်လည်း ဘက်စုံသက်မွေးပညာဌာနဖွင့်ပြီး ကာလတို နှစ်လသင်တန်းတွေ လုပ်ပေးနေပါတယ်။ မြန်မာ
နိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA (National Skills Standards Authority)အသိအမှတ်ပြု ကျွမ်းကျင်ပညာရှင်တွေ၊ ကျွမ်းကျင်လုပ်သားတွေဖြစ်စေဖို့ ကျောင်းက ပြုစုပျိုးထောင်ပေးနေပါတယ်'' ဟု GTHS အစိုးရ နည်းပညာအထက်တန်းကျောင်း(မကွေး) ကျောင်းအုပ်ဆရာကြီး ဦးသက်နိုင်က ပြောသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ပညာရပ်နယ်ပယ်စုံဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာ ကျွမ်းကျင်သူများကို ဒေသ၏လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်နှင့်ကိုက်ညီစွာ သင်ကြားမွေးထုတ်သွားမည်ဟု ၄င်းကဆိုသည်။
နိုင်ငံတစ်ဝှမ်းရှိ GTHS ကျောင်း ၃၄ ကျောင်းတွင် အပါအဝင်ဖြစ်သည့် မကွေး GTHS ကို ၂ဝဝ၉ ခုနှစ် မေ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ခုနစ်နှစ်တာကာလအတွင်း သင်တန်းအောင်မြင်သူ ၅၉၉ ဦးရှိကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် Polytechnic ကာလတိုသင်တန်း (၁ဝ) ကြိမ်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၁၁၈ ဦး မွေးထုတ်နိုင်ခဲ့ကြောင်း GTHS ကျောင်း
မှတ်တမ်းများအရ သိရသည်။
၂ဝ၁၇-၂ဝ၁၈ နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျွမ်းကျင်လုပ်သား ၅ဝဝဝ ဦးကို NSSA ၏ စစ်ဆေးအကဲဖြတ် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးနိုင်ရန် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိပြီး မကွေး GTHS အနေဖြင့် ဦးစီးဌာန လမ်းညွှန်မှုကိုခံယူကာ ပြည်တွင်းပုဂ္ဂလိကအဖွဲ့အစည်းများ၊အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံအစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျတု(မကွေး)

No comments:

Post a Comment