Monday, June 26, 2017

လူ့ဘောင်လောကသာယာလှပဖို့ မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ကြပါစို့

ဆောင်းပါး
========No automatic alt text available.
မောင်သောင်းဝင်း (တမန်ဟောင်း)
မူးယစ်ဆေးဝါးအန္တရာယ်ကို မူလတန်းကျောင်းသားဘဝကတည်းက ကြားဖူးခဲ့ပါသည်။ ထိုစဉ်က ကျောင်းအုပ်ဆရာမကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၏ကျေးဇူးကြောင့် ဖြစ်ပါသည်။ မြို့နယ်အဆင့် တာဝန်ရှိသူများ
နှင့် ကျန်းမာရေးဝန်ထမ်းများသည် စာရေးသူတို့အလယ်တန်းကျောင်းလေးသို့ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ လာရောက်ဟောပြောခဲ့ကြသည်။ ထိုစဉ်ကဆရာကြီးတစ်ဦး၏ဟောပြောမှုကို ယနေ့အချိန်အထိသတိရနေဆဲပင်ဖြစ်သည်။
ဆရာကြီးက ''လူငယ်တို့သဘာဝ စူးစမ်းလိုသည်မှာဖြစ်လေ့ဖြစ်ထရှိသည့် သဘာဝပင်ဖြစ်ကြောင်း၊ အခြားအရာများစွာကို စူးစမ်းလို့ရကောင်းရနိုင်သော်လည်း မူးယစ်ဆေးဝါးကိုမူ လုံးဝမစမ်းသပ်မိဖို့လိုကြောင်း၊ လူတစ်ဦးသည် မူးယစ်ဆေးဝါးကို တစ်ခါစမ်းသပ်သုံးစွဲလိုက်ပြီဆိုရုံမျှဖြင့် မူးယစ်ကျေးကျွန်ဖြစ်သွားပြီ'' ဟုပြောကြားသွားပါသည်။ ထိုဆရာကြီး၏ စကားသည်
စာရေးသူတို့ရင်ထဲတွင် စွဲကျန်နေခဲ့သည်။ ထိုအချိန်မှစ၍ မူးယစ်ဆေးဝါးကို လူသားတို့၏ ကြီးမားသောအန္တရာယ်ဟု သဘောထားခဲ့သည်။ သို့သော် ''အသိခေါက်ခက် အဝင်နက်သူများ'' သည် အတွေ့ကြုံရှိသည့် လူကြီးမိဘ၊ ဆရာသမားများ၏ ပြောဆိုဆုံးမမှုကိုနားမဝင်ကြပေ။ အပေါင်းသင်းမှားခြင်း၊ စိတ်အလိုလိုက်ခြင်းတို့ကြောင့် မူးယစ်ကျေးကျွန်များဖြစ်နေကြရသည်။ တချို့သောလူငယ်များသည် အနာဂတ်ပင်ပျောက်ဆုံးနေကြသည်။ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။
တွေးချင့်ရန်လို
နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဖြစ်သည်။ ၂ဝ၁၇ ခုနှစ်အတွက် ဆောင်ပုဒ်သည် ''ဦးစွာနားထောင်ပါ'' Listen First - Listening to children and youth is the first step to help them grow healthy and safe. ဖြစ်သည်။ ထိုစာစုလေးသည် စာရေးသူတို့လိုမိဘများအတွက် အတွေးများစွာကို ဖြစ်ပေါ်စေပါသည်။ မိဘများသည် အရာရာတိုင်းတွင် ကိုယ်သိကိုယ်တတ်လုပ်နေတတ်ကြသည်။ သားသမီးများ၏ ရင်ဖွင့်သံကို အလေးတယူ နားထောင်လေ့မရှိကြချေ။ အကျိုးဆက်အနေဖြင့် ထိုမိဘများ၏ သားသမီးများသည် လမ်းမှားရောက်ဖို့ ရာခိုင်နှုန်းများနေပါသည်။ အထူးသဖြင့် မိတ်ဆွေအပေါင်းသင်းမှားတတ်ပါသည်။ မိမိ၏သားသမီးကို ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်သည့် ကလေးတစ်ဦးအဖြစ် ကြီးပြင်းစေလိုလျှင် ထိုကလေး၏ရင်ဖွင့်သံကို အချိန်ပေးနားထောင်သင့်ပါသည်။
သမိုင်းကြောင်း
ကုလသမဂ္ဂအထွေထွေညီလာခံသည် ၁၉၈၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် ၄၂/၁၁၂ ချမှတ်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်မှစတင်၍ နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားများ ကျင်းပခဲ့ကြပါသည်။ ထိုအခမ်းအနားကျင်းပရခြင်းသည် ကမ္ဘာတစ်
ဝန်း၌ မူးယစ်ဆေးဝါးအလွဲသုံးမှုပပျောက်ရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းဆောင်ရွက်သွားဟု ဆုံးဖြတ်ထားကြောင်းကို ဖော်ညွှန်းနေခြင်းပင်ဖြစ်သည်။
ဘုံရန်သူ
မျက်မှောက်ခေတ်လူသားတို့သည် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်၊ ရန်လိုသောနိုင်ငံများ၏နျူကလီးယားလက်နက်များ၊ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများနှင့် ကုသရန်ဆေးဝါးရှာမတွေ့သည့်ရောဂါအသစ်အဆန်းများ စသည့် အန္တရာယ်ပေါင်းစုံနှင့် တွေ့ကြုံရင်ဆိုင်ရလျက်ရှိကြသည်။ ထိုအန္တရာယ်များထက် အဆိုးရွားဆုံးအရာသည်လူသားတစ်ရပ်လုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်ပင်ဖြစ်သည်။ ကမ္ဘာပေါ်၌မူးယစ်ဆေးဝါးကို အာရပ်နိုင်ငံများတွင် စတင်သုံးစွဲခဲ့ကြသည်ဟု မှတ်သားဖူးပါသည်။ အင်္ဂလိပ်နှင့် ဒတ်(ခ်ျ)တို့ကလည်း ၁၆ ရာစုနှစ်လယ်ခန့်တွင် မြန်မာနိုင်ငံသို့ ဘိန်းစတင်တင်ပို့ခဲ့ကြသည်ဟုဆိုပါသည်။ ဘိန်းကို မူလကတိုင်းရင်းဆေးဝါးအဖြစ် သုံးစွဲခဲ့ကြသော်လည်း ခေတ်ကာလရွေ့လျားလာသည်နှင့်အမျှ မူးယစ်ဆေးဝါးအဖြစ်ထုတ်လုပ်သုံးစွဲလာကြသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးသည် လူ့ဘောင်လောကကို ခြိမ်းခြောက်လျက်ရှိသည့်ဘုံရန်သူပင်ဖြစ်သည်။
တစ်ချိန်က လူမှုရေးနှင့်ရာဇဝတ်မှုပြဿနာများအဖြစ် ရှုမြင်ခဲ့သော မူးယစ်ဆေးဝါး တရားမဝင်ရောင်း ဝယ်ဖောက်ကားမှုလုပ်ငန်းသည် လူသားအားလုံး၏ကျန်းမာရေးနှင့် လူမှုရေးတို့ကို သိသိသာသာခြိမ်းခြောက်စိန်ခေါ်လာလျက်ရှိပါသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် ရာဇဝတ်မှုကျူးလွန်ရုံသာမက ကျန်းမာ ရေးပြဿနာတစ်ရပ်လည်းဖြစ်သည်။ အဓိက ရာဇဝတ်မှု
ကျူးလွန်သူများသည် မူးယစ်ဆေး တရားမဝင်ရောင်းဝယ်ဖောက်ကားသူများဖြစ်ကြသည်။ မူးယစ်ဆေးဝါးသုံးစွဲသူအရေအတွက်ကို လျှော့ချနိုင်မှသာလျှင် ဘိန်းစိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်ဖောက်ကား
မှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ဝယ်လိုအားကို အဓိကထား၍ လျှော့ချသွားမည်ဆိုလျှင် ထုတ်လုပ်မှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ထို့အပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် အစပြုဓာတု
ဆေးဝါးများ၏အန္တရာယ်ကိုလည်း တိုက်ဖျက်သွားရန် အထူးလိုအပ်နေပါသည်။
ပူးပေါင်းဆောင်ရွက်မှုများလိုအပ်
ထိုသို့လျှော့ချနိုင်ရေးဆောင်ရွက်ရာတွင် လူထုအတွင်းမူးယစ်အန္တရာယ်ကို ပိုမိုသိရှိရှောင်ရှားနိုင်ရန်အတွက် အစိုးရများ၊ NGO အဖွဲ့အစည်းများ၊ မီဒီယာများ၏ပူးပေါင်းဆောင်ရွက်မှုစွမ်းအားများ လိုအပ်ပါသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်ဝန်းတွင် မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားများအား အမျိုးသားရေးအသွင်ဖြင့် ကျင်းပနေကြသလို မြန်မာနိုင်ငံတွင်လည်း ကျင်းပလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အစိုးရ အဆက်ဆက်သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသောကြောင့် ကမ္ဘာ့နိုင်ငံများကပင်ထောက်ခံပံ့ပိုးကူညီမှုများရှိနေပါသည်။ အောင်မြင်မှုများလည်း သိသာထင်ရှားစွာရရှိလျက်ရှိပါသည်။
ကိုလိုနီဆိုးမွေ
မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အားလျော်စွာ မြတ်စွာဘုရားဟောကြားထားသည့် ''မကောင်းမှုရှောင်၊ ကောင်းမှုဆောင်'' တရားဒေသနာတော်များအတိုင်း လိုက်နာကျင့်ကြံနေထိုင်သည့် အလေ့အထကောင်းများ ရှိကြသည်။ ထို့ကြောင့် ရှေးယခင်က မြန်မာ့လူ့အဖွဲ့အစည်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူ မရှိသလောက်ပင်နည်းပါးခဲ့သည်။ သို့သော် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးထုတ်လုပ်သုံးစွဲမှုသည် ကိုလိုနီနယ်ချဲ့တို့၏ ဆိုးမွေအဖြစ် အမြစ်တွယ်ကျန်နေခဲ့သည်။ ထိုအကျိုးဆက်အဖြစ် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ထိစပ်နေသော သုံးနိုင်ငံနယ်စပ် ''ရွှေတြိဂံ
ဒေသ'' သည် တစ်ချိန်က ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုတို့ကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့ရသည်။ သို့သော် ခေတ်အဆက်ဆက် အစိုးရအသီးသီး၏ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးထုတ်
လုပ်မှု ကင်းစင်ပပျောက်ရေး မဟာဗျူဟာစီမံကိန်းများကြောင့် ထိုမကောင်းသတင်းကို ချေဖျက်နိုင်ခဲ့ပြီးဖြစ်သည်။
နှစ်ရှည်စီမံကိန်းများ
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၁၉၇၄ ခုနှစ်တွင် မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေနှင့် ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတို့ကို ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ထို့အပြင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ၁၅ နှစ်စီမံကိန်းကို ၁၉၉၉-၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အထိ ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် ဘိန်းစိုက်ပျိုးမှုများ၊ အစားထိုးဓာတုပစ္စည်းများ၊ အသစ်ထွက်ပေါ်လာသည့် မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၏အန္တရာယ်များမှာ လျော့နည်းသွားခြင်းမရှိ၍ မူးယစ်ဆေးဝါးပပျောက်ရေး ၅ နှစ်စီမံကိန်းကို ၂ဝ၁၈-၂ဝ၁၉ ခုနှစ်အထိ ထပ်မံ သက်တမ်းတိုးမြှင့်
ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများ၊ ဓာတုပစ္စည်းများကိုလည်းနှစ်စဉ် မီးရှို့ဖျက်ဆီးလျက်ရှိသည်။ အထူးသဖြင့် လူသူ အရောက်အပေါက်နည်းပါးသော ဝေးလံခေါင်းပါးသည့်
နေရာများတွင် စိုက်ပျိုးထားသော ဘိန်းခင်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်း၍ ဖျက်ဆီးလျက်ရှိသည်။ နယ်စပ်ဒေသများရှိ တိုင်းရင်းသားများအတွက် ဘိန်းအစားထိုးမျိုးစေ့များထုတ်ပေးခြင်းနှင့် အခြားအလုပ်အကိုင်အခွင့်အလမ်း များကိုလည်း ဖန်တီးပေးလျက်ရှိပါသည်။ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုကျူးလွန်သူများအား
ထိရောက်သည့် အရေးယူပြစ်ဒဏ်ပေးမှုများကိုပါ ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် သိသာသောအောင်မြင်မှုများ ရရှိနေပြီဖြစ်သည်။
လူငယ်များလမ်းမှားမရောက်စေရန်
မျက်မှောက်ခေတ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ လူငယ်ထုအတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲနေမှုကို အသွင်အမျိုးမျိုးဖြင့် တွေ့ရှိလာရသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် စီးပွားရေးနှင့် လူမှုရေး ထိခိုက်စေရုံသာမက ဂုဏ်သိက္ခာကိုပါ ညှိုးနွှမ်းစေနိုင်ပါသည်။ ထို့ကြောင့် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေး အထူးအလေးထားဆောင်ရွက်သွားရန် လိုအပ်
သည်။ လူငယ်သဘာဝ လက်တည့်စမ်းလိုသည့်သဘောရှိကြသဖြင့် မိဘများသည် မိမိ၏သားသမီးများကို လူပေါင်းမမှားမိစေရန်အတွက် ဂရုစိုက်ကြပ်မတ်ထားသင့်ပေသည်။ မိဘများသည် သားသမီးများ၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်လူငယ်များ၏ စကားကိုအလေးထားနားထောင်ပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြည့်ဆည့်ပေးသင့်သည်။
တချို့သောလူငယ်များသည် မိဘများ၏ တင်းကျပ်သောစည်းကမ်းနှင့် ရှေးရိုးဆန်သောထိန်းချုပ်မှုများအပေါ် ကဏ္ဍကောစပြုလုပ်ရာမှ မမျှော်လင့်ဘဲ လမ်းမှားသို့ရောက်သွားတတ်ကြသည်။ တချို့သောလူငယ်များသည် အပေါင်းသင်းမှားပြီး မူးယစ်ဆေးဝါးသုံးစွဲတတ်သွားကြသည်။ အညွန့်တလူလူတက်နေသောလူငယ်များအတွက် များစွာနစ်နာရပါသည်။ မူးယစ်ဆေးဝါး
သည် တစ်ခါသုံးစွဲရုံမျှဖြင့် စွဲလမ်းစေသဖြင့် မသုံးမိစေရန် အထူးရှောင်ရှားသင့်ပေသည်။ မိဘများသည် ရင်သွေးငယ်များ၏ ပြောဆိုပြုမူမှုပုံစံ ပုံမှန်မဟုတ်ဘဲ ခြေလှမ်းပျက်နေပါက ဆရာဝန်နှင့်ချက်ချင်းဆွေးနွေးတိုင်ပင်သင့်ပါသည်။မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများတရားမဝင်ရောင်းဝယ်ဖောက်ကားခြင်းသည် ငွေကြေးလွယ်ကူစွာရရှိသည့် လုပ်ငန်းဖြစ်နေသောကြောင့် ကမ္ဘာတစ်ဝန်းတွင် မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုများ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးအန္တရာယ်သည်လူသားအားလုံးကို ခြိမ်းခြောက်နေဆဲ ပင်ဖြစ်သည်။ ထိုမူးယစ်ဆေးဝါးအန္တရာယ်ကို တစ်နိုင်ငံ
တည်းစွမ်းအားဖြင့် ဖြေရှင်းမရနိုင်သဖြင့် ကမ္ဘာ့နိုင်ငံများအကြား အချင်းချင်း သတင်းဖလှယ်ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်သည်။ သို့မှသာလျှင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများကို အချိန်မီဖော်ထုတ်တားဆီး အရေးယူနိုင်မည်ဖြစ်သည်။ခြုံ၍တင်ပြရလျှင် မူးယစ်ဆေးဝါးသည် လူသားအားလုံးကို ခြိမ်းခြောက်နေသည့် ဘုံရန်သူပင်ဖြစ်သည်။ ထိုမူးယစ်ဆေးဝါးကို အမြစ်ပြတ်တိုက်ဖျက်ချေမှုန်းရန်အတွက် ကမ္ဘာ့နိုင်ငံများသည် နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနေ့ကျင်းပလျက်ရှိကြသည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို အမျိုးသားရေး
အသွင်ဖြင့် စည်းရုံးကျင်းပလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဥပဒေများပြဋ္ဌာန်းကာ မဟာဗျူဟာစီမံကိန်းများ
ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပါ ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် မိဘများသည် စိတ်ဓာတ်နူးညံ့သော ကလေးငယ်များ၏ရင်ဖွင့်သံ
စကားများကို အချိန်ပေးနားထောင်ပေးသင့်ပါသည်။ သို့မှသာလျှင် လူငယ်များကျန်းမာကြံ့ခိုင်စွာဖြင့် ပညာသင်ယူနိုင်ရေးတွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုဖွားတိုင်း
ရင်းသားပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အားပါဝင်ထမ်းဆောင်ရွက်လျက် လူ့ဘောင်လောကကြီးကို သာယာလှပအောင် တည်ဆောက်သွားနိုင်ကြပါစေ။

No comments:

Post a Comment