Wednesday, June 28, 2017

လီဗြောင်ဟွန်းရဲ့ ရုပ်ရှင်သစ် "Mr. Sunshine"

Image may contain: 1 person, standing
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့မင်းသားတစ်ဦးဖြစ်တဲ့ လီဗြောင် ဟွန်းဟာ လတ်တလောမှာတော့ ရုပ်ရှင်သစ်တစ်ကားကို လက်ခံ ရိုက်ကူးပေးဖို့အတွက် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ယင်းရုပ်ရှင်ဟာ "Mr. Sunshine" လို့အမည်ရပြီး တောင်ကိုရီးယားရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲရုပ်ရှင်တွေဖြစ်ကြတဲ့ "Goblin"၊ "Descendants of the Sun"တို့ကို ဇာတ်ညွှန်းရေးပေးခဲ့တဲ့ ဇာတ်ညွှန်း ရေးဆရာမကပင် ယင်းရုပ်ရှင်အတွက်လည်း တာဝန်ယူရေးသားပေး မှာဖြစ်တယ်လို့လည်း သိရပါတယ်။
"Mr. Sunshine" ရဲ့ ဇာတ်ညွှန်ရေးဆရာမ ကမ်အွန်ဆွတ်က သူ့ရဲ့ရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်ပေးဖို့အတွက် အဓိက ဇာတ်ဆောင်မင်းသားကို ရွေးချယ်ခဲ့ရာမှာ လီဗြောင်ဟွန်းကို သဘောကျခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ မင်းသားက သဘောတူ လက်ခံပေးခဲ့တာဖြစ်တယ်လို့လည်း ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ဖော်ပြ ချက်တွေအရ သိရပါတယ်။
၁၉၉ဝ ပြည့်နှစ်ကာလတွေကို နောက်ခံထားကာ ရိုက်ကူးပုံဖော် သွားမယ့် "Mr. Sunshine" မှာတော့ သာမန်စစ်သားလေးတစ်ဦးနဲ့ မင်းမျိုးနွယ်ဝင်တစ်ဦးတို့ရဲ့ သမီးဖြစ်သူတို့အကြားက အချစ်ဇာတ်လမ်း ကို တွေ့မြင်ခံစားကြရမှာလည်း ဖြစ်ပါတယ်။ ကမ်အွန်ဆွတ်ဟာ သူရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းအရ ရုပ်ရှင်မှာပါဝင်တဲ့ အဓိက ဇာတ်ဆောင်မင်းသားတွေကို အထူးကျော်ကြားစေခဲ့တာ ရှေ့မှာ ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်တဲ့ ဇာတ်လမ်းတွဲတွေဖြစ်ကြတဲ့ "Goblin"၊ "Descendants of the Sun" တို့က သက်သေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် "Mr. Sunshine " မှာလည်း အဓိကဇာတ်လိုက်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်သွားမယ့် လီဗြောင်ဟွန်းအတွက်လည်း အထူး ကျော်ကြားမှုတွေကို ယူဆောင်လာပေးနိုင်မှာလားဆိုတာ စောင့်ကြည့် ရမှာဖြစ်ပါတယ်။
"Mr. Sunshine "ဟာ ၂ဝဝ၉ ခုနှစ်အတွင်း ထုတ်လွှင့်ပြသခဲ့တဲ့ "IRIS"ရုပ်ရှင်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရိုက်ကူးခဲ့တဲ့ လီဗြောင်ဟွန်းရဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ လီဗြောင်ဟွန်းဟာ တောင်ကိုရီးယားမှာသာမက ဟောလိဝုဒ်မှာပါ နေရာရလာတဲ့ မင်းသားတစ်ဦးဖြစ်ပြီး ရုပ်ရှင်သစ်ဟာလည်း သူ့အတွက် ဘယ်လို အောင်မြင်မှုအသစ်တွေကို တပ်ဆောင်းယူဆောင်လာမလဲဆိုတာကို လည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။
လတ်တလောမှာတော့ လီဗြောင်ဟွန်းရဲ့ ရုပ်ရှင်သစ်ဟာ ပြင်ဆင် နေဆဲ အဆင့်မှာသာရှိနေပြီး ယင်းရုပ်ရှင်ကို လာမယ့် ၂ဝ၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်အထိ ထုတ်လွှင့်ပြသနိုင်မှာ မဟုတ်ဘူးလို့လည်း ခန့်မှန်းထားပါတယ်။ ဒါ့အပြင် "Mr. Sunshine" မှာ လီဗြောင်ဟွန်းနဲ့ အတူ တွဲဖက်သရုပ်ဆောင်သွားမယ့် ခေါင်းဆောင်မင်းသမီးကိုလည်း လတ်တလောအချိန်အထိတော့ ရွေးချယ်ပြီးခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment