Thursday, June 1, 2017

တရားမဝင်သစ်ခိုးထုတ်မှုများကို ထိထိရောက်ရောက်နှိမ်နင်းရန် လိုအပ်


Image may contain: 1 person
နေပြည်တော် မေ ၃၁
တောတောင်ထူထပ်သောဒေသများ၌ သစ်တောပြုန်းတီးမှုများခြင်းကြောင့် ၂ဝ၁၅၊ ၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အပြင်းထန်ဆုံးသော ရာသီဥတုနှင့် ရင်ဆိုင်ခဲ့ကြရပြီး နိုင်ငံတကာ ရာသီဥတု ဘေးအန္တရာယ်အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့်(၂)တွင်ရှိသည့်အတွက် နိုင်ငံတစ်ဝန်း သစ်တောစောင့်ရှောက်မှုနှုန်း တိုးမြှင့်ဆောင်ရွက်လျက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များတွင် Green Land စီမံကိန်းများ အမြန်ဆုံးစနစ်တကျ အကောင်အထည်ဖော်ဆောင်ပါရန်နှင့် အခြားဒေသများတွင်လည်း နှစ်အလိုက်စီမံကိန်းများ တိုးချဲ့ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဆိုကို အတည်ပြုသင့်ကြောင်း တင်ပြခဲ့သည်။
ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးက သစ်တောပျက်စီးပြုန်းတီးသွားသောနေရာများနှင့် သစ်တောအတန်းအစား ကျဆင်းသွားသည့်နေရာများတွင် သင့်လျော်သည့်ပြုစုထိန်းသိမ်းခြင်းများ ဆောင်ရွက်သင့်ပါကြောင်း၊ တရားမဝင် သစ်ခိုးမှုပပျောက်ရန် ဆက်စပ်ဌာနနှင့် ပြည်သူတစ်ရပ်လုံးပူးပေါင်း၍ တိုက်ဖျက် ကြရန်လိုအပ်ပါကြောင်း ဆွေးနွေးသည်။
မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုက တောညံ့များကို အပြောင်ခုတ်လှဲ ပြီးမှ သစ်ပင်များ ပြန်လည်စိုက်ပျိုးနေပါကြောင်း၊ တောညံ့များတွင် တန်ဖိုးရှိ သည့်သစ်များ မရှိသော်လည်း အခြားသစ်မာများ၊ ဝါးများ၊ ချုံနွယ်များ သဘာဝ အတိုင်းရှိနေသေးသည့်အတွက် ဂေဟစနစ်အရ တန်ဖိုးရှိနေသေးပါကြောင်း၊ မြေပြင်အခြေအနေကို မလေ့လာဘဲ မြေပုံကိုကြည့်ပြီး စိုက်ခင်းကိုတည်ထောင်မည့် စီမံကိန်းကို မြေပုံပေါ်တွင် အကောင်အထည်ဖော်မည်ဆိုပါက ဆောင်ရွက်ချက်များ မှားယွင်းနိုင်ပါကြောင်း ဆွေးနွေးသည်။
ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဥာဏ်လင်းက မြန်မာနိုင်ငံ၏ သစ်တော ပြုန်းတီးမှုနှုန်းသည် ၁၉၉ဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း သုည ဒသမ ၅ ရာခိုင်နှုန်းရှိရာမှာ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း ၁ ဒသမ ၇၃ ရာခိုင်နှုန်းအထိတိုးမြင့်လာပါကြောင်း၊ သစ်တောပြုန်းတီးမှုသည် နှစ်စဉ် ဟက်တာ ၅၄၆ဝဝဝ ပြုန်းတီးနေသည်ဟု သိရပါကြောင်း၊ တရားမဝင်သစ်ခိုး ထုတ်မှုများကို ထိထိရောက်ရောက်နှိမ်နင်းရန် လိုအပ်ပါကြောင်း၊ တောပြုန်း တီးစေသည့် သစ်ခိုးဂိုဏ်းများကို အပြတ်ရှင်းနိုင်မှသာ သစ်တောများကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဥာဏ်ဟိန်းက သစ်တောပြုန်းတီးမှုအကြောင်း များစွာအနက်မှ သစ်ခိုးခံရမှုကြောင့် အများဆုံးပြုန်းတီးပါကြောင်း၊ သစ်ခိုးဂိုဏ်း များသည် လက်နက်များပါ ကိုင်ဆောင်လာကြပါကြောင်း၊ ထို့ကြောင့် သစ်ခိုးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ ဖွဲ့စည်း၍ သစ်တောဝန်ထမ်းများနှင့် တွဲဖက် တာဝန်ပေးရန်လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဦးဝင်းအောင်က သစ်တောများကို ကာကွယ်စောင့်ရှောက်ရာတွင် သစ်တောဥပဒေများစိုးမိုးရန် လိုအပ်ပါကြောင်း၊ သစ်တောဝန်ထမ်းများ၏ အခက်အခဲများကိုလည်း မေးမြန်းဖြေရှင်းပေးသင့် ပါကြောင်း၊ သစ်တောဝန်ထမ်းများကို သစ်ခိုးထုတ်သူများက ခုခံတိုက်ခိုက်နေ ပါကြောင်း၊ သစ်ရှာဖွေဖမ်းဆီးသူများ လုံခြုံရေးအပြည့်ရှိရန် လိုအပ်ပါ ကြောင်း ဆွေးနွေးသည်။
ထို့ပြင် ဘိုကလေးမဲဆန္ဒနယ်မှ ဦးမင်းသိုင်း၊ တိုက်ကြီးမဲဆန္ဒနယ်မှ ဦးကျော်မြင့်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ မတ္တရာမဲဆန္ဒနယ်မှ ဦးဇော်မင်းလွင်၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ ဥတ္တရသီရိမဲဆန္ဒနယ်မှ ဦးကျော်မင်းလှိုင်၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေ၊ ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်းနှင့် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မင်းသော်အေးတို့ကလည်း အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ဒေသခံပြည်သူများထံ သစ်ပင်များ ဖြန့်ဝေပေးခြင်း၊ ပျိုးပင်နှင့် နည်းပညာပံ့ပိုးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ခြင်း ၁ဝ နှစ် စီမံကိန်းများတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုအား အတည်ပြုပေးရန် တင်ပြအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ နိုင်ငံ၏ဝင်ငွေအဖြစ် အားထားနေရသော မြေအောက်သယံဇာတများ ထုတ်ယူရရှိမှုအခြေအနေ၊ နိုင်ငံတော်မှ နှစ်စဉ်ရရှိနေသော ဝင်ငွေအခြေအနေကို သိရှိလိုကြောင်း မေးခွန်း နှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် စက်မှုတွင်းထွက် ကုန်ကြမ်းနှင့် ရွှေမှအပ အခြားသတ္တုထုတ်လုပ်မှုမှာ ယခင်နှစ်ထက်တိုးတက်လာ ပါကြောင်း၊ ရွှေစင်၊ ကျောက်မျက်နှင့် ကျောက်စိမ်းထုတ်လုပ်မှုမှာ ယခင်နှစ် ထက်လျော့နည်းသွားပါကြောင်း။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဓာတ်သတ္တုဝင်ငွေရရှိမှုမှာ ကျပ်သန်းပေါင်း လေးသိန်းကျော်ရရှိသည့်အတွက် ယခင်နှစ်ထက် တိုးတက်လာပါကြောင်း၊ ကျောက်စိမ်း၊ ကျောက်မျက်တွင် ကျပ်သန်းပေါင်း နှစ်သိန်းရှစ်သောင်းကျော် ရရှိသည့်အတွက် ယခင်နှစ်ထက်လျော့နည်းသွားသည်ကို တွေ့ရပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများမှ အမေရိကန်ဒေါ်လာ ၂၇၄၃ ဒသမ ဝ၄ သန်းရရှိခဲ့ပြီး ယခင်နှစ်ထက် လျော့နည်း ခဲ့ပါကြောင်း။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု၊ ကျောက်မျက်၊ သစ်တောနှင့်သစ်တောထွက်၊ ရေအားလျှပ်စစ် ထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်းများမှ ဝင်ငွေခွန်ကောက်ခံရရှိမှုမှာ ကျပ်သန်းပေါင်း ၂၇၆၃၁၇ ဒသမ ၃၅၄၊ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရရှိမှုမှာ ကျပ်သန်းပေါင်း ၁၅၁၂၄၄ ဒသမ ၄၉၁၊ အထူးကုန်စည်ခွန်ကောက်ခံရရှိမှုမှာ ကျပ်သန်းပေါင်း ၃၈၉၄၃၇ ဒသမ ၅၅၈ ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိနှင့် မိုင်းကိုင်မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်းတို့၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းများကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ဖြေကြားခဲ့သည်။
ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ၏ အစီရင်ခံစာအား အတည်ပြုခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော ''မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း''နှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုများအား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊ အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ ကြသည်။
ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment