Wednesday, June 28, 2017

ဂျက်ကီချန်း၏ရုပ်ရှင်သစ် စမ်းသပ်ထုတ်လွှင့်

Image may contain: 1 person, sitting
ကမ္ဘာကျော် ဟောင်ကောင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ ဂျက်ကီချန်းကို အက်ရှင်ရုပ်ရှင်သစ်တစ်ကားမှာ ပြန်လည်တွေ့မြင် ကြရတော့မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဂျက်ကီချန်း ခေါင်းဆောင်ပါဝင်ထားတဲ့ ဟောလိဝုဒ်ရုပ်ရှင် "The Foreigner "ကို အစမ်းထုတ်လွှင့်ပြသခဲ့ရာ ယင်းရုပ်ရှင်မှာ ဂျက်ကီချန်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကိုလည်း တွေ့မြင် ခဲ့ရပါတယ်။
လတ်တလောမှာ စမ်းသပ်ထုတ်လွှင့်ပြသခဲ့တဲ့ "The Foreigner" ရုပ်ရှင်ဟာ ဖြစ်ရပ်မှန်ပေါ်အခြေခံကာ ဇာတ်လမ်းဆင်ထားတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်အတွင်း လန်ဒန်မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု တစ်ခုအတွင်း သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဖခင်တစ်ဦးအဖြစ် မင်းသားကြီး ဂျက်ကီချန်းက ယင်းရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
"The Foreigner" မှာ ဂျက်ကီချန်းဟာ လန်ဒန်မှာရှိတဲ့ တရုတ်တန်းက ရိုးသားတဲ့ သာမန်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကွမ်အဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။ ကွမ်ဟာ ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် သမီးဖြစ်သူကို မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူရဲ့ သေဆုံးမှုအတွက် တာဝန်ရှိတယ်လို့ ယူဆရတဲ့သူတွေကို လက်တုံ့ပြန်ဖို့ ကြိုးပမ်းခဲ့တာကိုလည်း တွေ့ရပါတယ်။
သူ့ရဲ့ရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်နဲ့ပတ်သက်ပြီး ဂျက်ကီချန်းက ''ကျွန်တော့် အတွက်တော့ စိတ်ခံစားမှုတွေ ပြင်းထန်နေတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ခွင့်ရဖို့က အလွန်အရေးကြီးပါ တယ်။ ဒီလိုပါဝင်သရုပ်ဆောင်ခွင့်ရတော့လည်း ပြင်ဆင်မှုတွေပြုလုပ်တဲ့အနေနဲ့ ကျွန်တော်ပါဝင်ရမယ့် သရုပ်ဆောင်လို အခြေအနေမျိုးမှာ ရှိနေတဲ့သူမျိုးတွေရဲ့ စိတ်ခံစားမှုတွေကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ခဲ့ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အသက်အရွယ်ရလာပြီဖြစ်တဲ့အချိန်မှာ ထိခိုက်ဒဏ်ရာရနိုင်ပြီး ပြင်းထန်တဲ့ စတန့်ပြရတဲ့အခန်းတွေကို မရိုက်ဖို့အတွက် ဒါရိုက်တာက ဆန္ဒပြုခဲ့ပေမယ့် ဂျက်ကီချန်းကတော့ ငြင်းဆိုခဲ့ကာ စတန့်ခန်းတွေကိုလည်း ရုပ်ရှင်သစ်မှာ ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ ဒီလိုပရိသတ်တွေအတွက် ထူးခြားတဲ့စတန့်တွေလုပ်ပြရတာဟာ ဂျက်ကီချန်းရဲ့ သရုပ် ဖြစ်တာကြောင့် တတ်နိုင်သမျှလုပ်ပြခဲ့တာဖြစ်တယ်လို့လည်း ဂျက်ကီချန်းက ရှင်းပြခဲ့ကြောင်းလည်း သိရပါတယ်။
ဂျက်ကီချန်းနဲ့အတူ အခြားသော ဟောလိဝုဒ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မိုက်ကယ်လ်မက်အယ်လတန်၊ ချာလီမာ ဖီနဲ့အတူ သရုပ်ဆောင်များစွာတို့ကလည်း ယင်းရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်ထားကြပြီး "The Foreigner" ကို အမေရိကန်နိုင်ငံတစ်ဝန်း လာမယ့်အောက်တိုဘာ ၁၃ ရက်မှာ စတင်ရုံတင်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment