Wednesday, June 28, 2017

ပန်းချီဆရာကြီး ဦးဘဥာဏ် နှစ်(၁၂ဝ)ပြည့် ရုပ်တုဖြစ်မြောက်ရေး အလှူငွေများလှူဒါန်း

Image may contain: 7 people, people smiling, people sitting, table and indoor
ရန်ကုန် ဇွန် ၂၇
ရန်ကုန်မြို့ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင် ပန်းချီပြခန်း၌ ဇွန် ၂၅ ရက် နံနက်ပိုင်းက ပန်းချီဆရာကြီး ဦးဘဥာဏ် နှစ်(၁၂ဝ)ပြည့် အခမ်းအနားကျင်းပရေးနှင့် ရုပ်တုဖြစ်မြောက်ရေးကော်မတီ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပသည်။
နာယက ပန်းချီဆရာကြီး ဦးလှတင်ထွန်းက အဖွင့် အမှာစကားပြောကြားပြီး အစည်းအဝေးတက်ရောက် သူများက ရန်ပုံငွေရရှိရေးအတွက် အမျိုးသားပြတိုက်တွင် ပန်းချီပြပွဲကြီးပြသနိုင်ရေး၊ ပန်းချီဆရာများ၊ ပန်းချီမြတ်နိုး သူများက အလှူငွေများ ပေးအပ်လှူဒါန်းနိုင်ရေး ဆွေးနွေး ညှိနှိုင်းကြသည်။ ထို့ပြင် ဆရာကြီး ဦးဘဥာဏ်ကွယ်လွန်သည့် မော်လမြိုင်မြို့နယ် ကတိုးရွာနှင့် အမျိုးသားပြတိုက်တွင် ကြေးရုပ်တုနှစ်ခုထားရှိရေး၊ ကျေးရွာစာကြည့်တိုက်အား စာအုပ်စာပေများ လှူဒါန်းနိုင်ရေးတို့ကို ဆက်လက် ဆောင်ရွက်နိုင်ရန် မြို့နယ်အသီးသီးမှ တက်ရောက်ညှိနှိုင်း ကြသည်။
ထို့နောက် မတည်အလှူငွေများကို တက်ရောက်လာ သူ ပန်းချီပန်းပုအနုပညာရှင်များက ထည့်ဝင်လှူဒါန်းကြရာ ပန်းချီပန်းပုပညာရှင်ဦးအောင်ကျော်ထွန်းက အလှူငွေကျပ် ၁ဝ သိန်းကို နာယကကြီးများအား ပေးအပ်လှူဒါန်းပြီး အစည်းအဝေးတက်ရောက်လာသည့် ပန်းချီဆရာ၊ ဆရာမ များ ထည့်ဝင်ငွေစုစုပေါင်းငွေကျပ် ၂၂၉ဝဝဝဝ ရရှိခဲ့ ကြောင်း သိရသည်။
ပန်းချီဆရာကြီး ဦးဘဥာဏ် နှစ်(၁၂ဝ)ပြည့် အခမ်း အနား ကျင်းပနိုင်ရေးကို သက်ဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်မည်ဖြစ် ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသ ကြီးများရှိ ပန်းချီပညာရှင်များအားလုံးပါဝင်နိုင်ရေး၊ ပန်းချီ ပြပွဲကြီးကို ဇူလိုင်လနောက်ဆုံးပတ်တွင် ကျင်းပနိုင်ရေး၊ ပြပွဲတွင် ပြသကြသော ပန်းချီကားများရောင်းချရငွေမှ ၅ဝ ရာခိုင်နှုန်းကို လှူဒါန်းကြမည်ဖြစ်ကြောင်းနှင့် ဆရာကြီး၏ နှစ်(၁၂ဝ)ပြည့်သည့် သြဂုတ် ၃ဝ ရက်တွင် ကွယ်လွန်ရာ ကတိုးရွာတွင် ကြေးရုပ်ဖွင့်လှစ်နိုင်ရေး၊ ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေးတို့ကို တင်ပြဆွေးနွေးပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ရုပ်တုဖြစ်မြောက်ရေးနှင့် အခမ်းအနားကျင်းပရေး အတွက် အလှူငွေများထည့်ဝင်လှူဒါန်းလိုပါက ပန်းချီ ကိုမောင်ကျော်သန်း ဖုန်း-ဝ၉-၄၃ဝ၆၆၈၂၇၊ ဦးဘုန်းနိုင် ဖုန်း-ဝ၉-၉၆ဝဝဝ၇ဝ၄၆၊ ပန်းချီနီပိုဦး ဖုန်း-ဝ၉- ၉၇၁၂၅ဝဝဝ၁နှင့် ပန်းချီမောင်ကျော်ခေါင် ဖုန်း-ဝ၉- ၇၉၅၇၃၄၃၈၄ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment