Wednesday, June 28, 2017

မန္တလေးဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ပတ်ဝန်းကျင် ဆန်းစစ်ခြင်းလုပ်ငန်းများ ပြည်သူထံ ထုတ်ဖော်တင်ပြ

Image may contain: sky, ocean, outdoor, water and nature
မန္တလေး ဇွန် ၂၇
မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖော်ဆောင်ရန် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူလူထုအား ဆွေးနွေးတိုင်ပင်မှုနှင့်အတူ ထုတ်ဖော်တင်ပြခြင်းအခမ်းအနားကို ဇွန် ၂၆ ရက် နံနက် ၁ဝ နာရီက မန္တလေးမြို့ ကမ်းနားလမ်းရှိ ရန်မျိုးလုံပေါ်တော်မူ ဘုရားဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က စီမံကိန်းနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး E Guard Environmental Services Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးသီဟက ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းလုပ်ငန်း (Initial Environmental Examination)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
''အခုဟာက စီမံကိန်းဖော်ဆောင်ဖို့အတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ် ခြင်းလုပ်ငန်း(Initial Environmental Examination-IEE)ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ မြေယာ လျော်ကြေးနဲ့ပတ်သက်ပြီးတော့လည်း ဒီအဆင့်ကျော်ပြီး အတည်ပြုပြီးမှသာလျှင် မြေယာလျော်ကြေးကိစ္စကို နိုင်ငံတော်အစိုးရထံ တင်ပြသွားမှာပါ''ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင် မျိုးခိုင်က ပြောကြားသည်။
''IEE ဆောင်ရွက်ပြီးတဲ့အပိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်း ကျင်အပေါ် လေ့လာဆန်းစစ်ထားတဲ့ အခြေအနေတွေကို ပြည်သူလူထုကို ဆွေးနွေးတိုင်ပင်တာပါ။ သူတို့ရဲ့တင်ပြမှုကိုလည်း အတတ်နိုင်ဆုံးဆောင်ရွက် ပေးသွားမယ်။ စီမံကိန်းလိုအပ်မှုနဲ့ ဖြစ်နိုင်ခြေရှိတဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေ အပါအဝင် စီမံကိန်းမှာပါဝင်ပတ်သက်သူတွေရဲ့ စီမံကိန်းအပေါ်မှာနားလည် မှုမြင့်တင်ဖို့၊ IEE နဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူမှုပုံစံနဲ့ရည်ရွယ်ချက်တွေ ကို သိရှိနားလည်စေဖို့၊ နောက်ပြီး IEE အပေါ် စီမံကိန်းမှာ ပါဝင်ပတ်သက်သူတွေ ရဲ့ စိတ်ဝင်စားမှုနဲ့အမြင်တွေစုဆောင်းပြီးဆွေးနွေးဖလှယ်ဖို့ အခုလိုဆောင်ရွက် ခြင်းဖြစ်ပါတယ်''ဟု E Guard Environmental Services Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးသီဟက ပြောကြားသည်။
ယင်းစီမံကိန်းကို မန္တလေးမြို့အနောက်ဘက် ကန်တော်ကြီးအနီးရှိ ရွှေလှံ ဗိုလ်ဘုန်းတော်ကြီးကျောင်း အနောက်ဘက်ခြမ်း ဧရာဝတီမြစ်နှင့်ကပ်လျက်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး မန္တလေးမြို့မှ ခရီးသည်နှင့်ကုန်ပစ္စည်းများကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင်တည်ရှိသော မြို့များသို့ ပို့ဆောင်နိုင် ရန်ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်သည်။ စီမံကိန်းကို မြေဧက ၂ဝ ပေါ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆိုပြုခဲ့ခြင်းဖြစ်သည်။ ယင်းစီမံကိန်းကို Japan International Cooperation Agency(JICA)၏အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ကွန်တိန်နာများနှင့် ကုန်ပစ္စည်းများထားသိုရန်နေရာများ၊ ဆိပ်ခံတံတားနှင့် ချဉ်းကပ်တံတားတို့ ပါဝင်မည်ဖြစ်ပြီး တည်ဆောက်ခြင်းလုပ်ငန်းကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလတွင် စတင်လုပ်ဆောင်မည်ဖြစ်ရာ နှစ်နှစ်တာကာလအတွင်း အပြီးတည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment