အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်IMO ၏သတ်မှတ်ချက်အရ ဇွန် ၂၅ ရက်သည် သင်္ဘောသားများနေ့ (Day of The SEAFARER) အဖြစ် ကျရောက်ခဲ့ပြီးဖြစ်ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် ဆိုက်ကပ် နေသော ပြည်တွင်း/ပြည်ပ သင်္ဘောများရှိ သင်္ဘောကပ္ပတိန်များနှင့် သင်္ဘောသားများအား ဂုဏ်ပြုခြင်းအထိမ်းအမှတ်ပွဲများကို ဇွန် ၂၅ ရက် မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (MIP) မြန်မာ့စက်မှုဆိပ်ကမ်း၌ ကျင်းပသည်။
ထို့နောက် Myanmar Ocean Win Services မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းငွေက အမှာစကားပြောကြားရာတွင် ''တစ်ကမ္ဘာလုံးမှာရှိတဲ့ ကုန်ပစ္စည်းတွေ ရဲ့ ၉ဝ ရာခိုင်နှုန်းဟာ ပင်လယ်ရေကြောင်းကုန်စည်စီးဆင်းမှုကနေ ရောက်လာ ကြတာပါ။ ဒါကို အဓိကလုပ်ဆောင်ပေးတာက သင်္ဘောကြီးတွေကို အဓိက လိုက်ပါ မောင်းနှင်ဆောင်ရွက်နေတဲ့ သင်္ဘောသားတွေပါ။ သင်္ဘောသားတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ အဲဒီအတွက် သင်္ဘောသားနေ့ကို ဇွန် ၂၅ ရက်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲတွေနဲ့ ဂုဏ်ပြုပေးဖို့ကို ၂ဝ၁ဝ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ရေကြောင်းအစည်းအဝေး၌ IMO က သတ်မှတ်ပေးခဲ့တာပါ။ ဒါကိုIMO ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက နှစ်စဉ်ကျင်းပ သွားဖို့ သတ်မှတ်ထားတယ်။ လက်ရှိနိုင်ငံအတော်များများမှာလည်း နှစ်စဉ် ကျင်းပကြပါတယ်'' ဟု ပြောကြားသည်။
အဆိုပါ သင်္ဘောသားနေ့အခမ်းအနားကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် ဆိပ်ကမ်းမှတာဝန်ရှိသူများ၊ အထိမ်းအမှတ်ပွဲ ကျင်းပရေးတွင် အဓိကပံ့ပိုးသည့် Myanmar Ocean Win Services မှ တာဝန်ရှိသူများ ပါဝင်ကာ သီလဝါဆိပ်ကမ်း၊ မြတ်မေတ္တာမွန်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း (မြန်မာ့ကြယ်ငါးပွင့်)၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)၊ အလုံဆိပ်ကမ်း စသည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ထားသော ပြည်တွင်း/ပြည်ပ နိုင်ငံခြားသင်္ဘောကြီးများသို့သွားရောက်ကာ အထိမ်းအမှတ် ပွဲများ ကျင်းပခဲ့သည်။ အဆိုပါ ဆိပ်ကမ်းတွင် သင်္ဘောကပ္ပတိန်များနှင့်သင်္ဘော အင်ဂျင်နီယာများ၊ ကုန်းပတ်အရာရှိများ၊ သင်္ဘောသားများနှင့် တွေ့ဆုံ၍ အထိမ်းအမှတ်အဖြစ် စားသောက်ဖွယ်ရာများပေးအပ်ခြင်းIMO က ထုတ်ပြန် ထားသည့် သတ်မှတ်ချက်စာရွက်စာတမ်းများ ပေးအပ်ပြီး ဓာတ်ပုံများရိုက်ကူး ခဲ့ကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO ) ၏ သတ်မှတ် ချက်အရ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် ဦးဆောင်မှုဖြင့် ဆဋ္ဌမအကြိမ်မြောက် သင်္ဘောသားနေ့ (Day of The SEAFARER-2017) အခမ်းအနားကို ရန်ကုန်မြို့ အင်းလျားလမ်းရှိ ရွှေရှမ်း ကန်Restaurant ၌ ကျင်းပသည်။ ထို့နောက် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်၊ နာယကနှင့်ဥက္ကဋ္ဌ၊ သင်္ဘောကုမ္ပဏီများ မှ တာဝန်ရှိသူများ၊ ၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် သင်္ဘောသားမိသားစုဝင်များ၊ ဆုရကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ယင်းနောက် တာဝန်ရှိသူများက သုံးဘာသာမှ ခြောက်ဘာသာအထိ ဂုဏ်ထူးရကြသော ကျောင်းသား ကျောင်းသူ ၅၄ ဦးအား တစ်ဘာသာလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဂုဏ်ထူးရ ဘာသာ ၂၅ဝ အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(ဇာနည်မောင်)
No comments:
Post a Comment