Tuesday, June 27, 2017

နိုင်ငံတော်မှ ငွေကျပ် ၂၄၁ ဘီလီယံကျော်ဖြင့် ကျေးရွာပေါင်း ၉၉ဝ၄ ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဖော်ဆောင်လျက်ရှိ




နေပြည်တော် ဇွန် ၂၆


 မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ် ဆွေးနွေးပွဲနှင့် မူဝါဒရေးရာအကြံပေး ညှိနှိုင်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရုံးအမှတ်(၃၆)၌ ကျင်းပ သည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ကျေးရွာများတွင် စဉ်ဆက် မပြတ် ဘဏ္ဍာရေးအရင်းအမြစ်ရရှိစေ ရန်၊ ကျေးလက်နေပြည်သူများ ဒီမိုကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်းတတ် သည့် အလေ့အကျင့်ကောင်းများ ရရှိ စေရန်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့အထများ ဖွံ့ဖြိုးလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး ရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်မှန်းပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ကို ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာရေးနှစ်မှစတင် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် မြို့နယ် ၂၈၈ မြို့နယ်ရှိ ကျေးရွာပေါင်း ၉၉ဝ၄ ရွာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ် ၂၄၁ ဒသမ ၇၁ ဘီလီယံဖြင့် ဆောင်ရွက်ပေးနေသည့် စီမံကိန်းကြီးတစ်ခုအဖြစ် ရောက်ရှိ လာနေပြီ ဖြစ်ပါကြောင်း။
မြစိမ်းရောင် ကျေးရွာစီမံကိန်း၏ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စီမံ ခန့်ခွဲပုံအရ ငွေချေးသူအိမ်ထောင်စု တစ်စုချင်းအား တိုက်ရိုက်အကျိုးခံစားခွင့် ရှိစေရုံသာမက ကျေးရွာလူထုအနေဖြင့် မိမိတို့၏ လက်တစ်ကမ်းတွင် ချေးငွေကို အလွယ်တကူ ရရှိစေခဲ့ပါကြောင်း၊ စီမံကိန်းကျေးရွာတွင် မတည်ပေးထား သည့် သိန်း ၃ဝဝ ငွေကြေးအရင်းအမြစ် ကြောင့် အဆိုပါဒေသတွင်းတွင် ငွေကြေး စီးဆင်းမှုကို တိုးပွားစေပြီး စီးပွားရေး လည်ပတ်မှု ကောင်းမွန်လာခြင်းနှင့်အတူ ရောင်းဝယ်ဖောက်ကားမှု များပြားလာ စေရေးကိုလည်း အထောက်အကူဖြစ်စေ ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးမှ သည် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးကိုပါ တစ်ဖက် တစ်လမ်းမှ ကြီးမားစွာ ထောက်ကူပေး နိုင်မည့် ကျေးလက်အသေးစားငွေချေးလုပ်ငန်းများနှင့် မြစိမ်းရောင်အစီအစဉ် တို့ကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာ အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်း များနှင့် မူဝါဒများအား ပေါ်ထွက်လာ အောင် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးခန့်ဇော်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်မှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူ များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခြင်းနှင့် မြစိမ်းရောင် စီမံကိန်းနှိုင်းယှဉ် အားသာချက်နှင့် အားနည်းချက်များ၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ် များ အကဲဖြတ်လေ့လာသုံးသပ်ရေးစနစ် တိုးတက်ဖြစ်ပေါ်ရေး၊ မြစိမ်းရောင် စီမံကိန်းနှင့် ကျေးလက်ငွေချေးလုပ်ငန်း ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမူဝါဒ များလိုက်လျောညီထွေရှိမှုဆိုင်ရာတို့နှင့် စပ်လျဉ်း၍ အဖွဲ့လိုက်ဆွေးနွေးကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်၊ တိုင်းဒေသကြီးများမှ ဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီ များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော်ရာတွင် ပါဝင်သည့် ဝန်ထမ်း များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment