Friday, June 30, 2017

ကွန်ဖက်ဒရေးရှင်းဖလား တတိယနေရာလုပွဲတွင်စီရော်နယ်လ်ဒို ပါဝင်မည်မဟုတ်

Image may contain: one or more people and outdoor
မေလဲ့သင်း
ပေါ်တူဂီအသင်းခေါင်းဆောင် စီရိုနယ်လ်ဒိုမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မွေးဖွားခဲ့သည့် အမြွှာသားငယ် နှစ်ဦးကို ပြန်လည်ကြည့်ရှုမည်ဖြစ်သဖြင့် လာမည့် တနင်္ဂနွေနေ့တွင် ကစားမည့် ကွန်ဖက်ဒရေးရှင်းဖလား တတိယနေရာလုပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။
စီရိုနယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် ဝင်ရောက်ကစားပေးနေသည့် ကွန်ဖက်ဒရေးရှင်းပြိုင်ပွဲအတွင်းမှာပင် အမြွှာသားငယ်နှစ်ဦးကို မွေးဖွားခဲ့ကြောင်း သူ၏ ဖေ့ဘွတ်စာမျက်နှာပေါ်မှတစ်ဆင့် ရေးသား အတည်ပြုခဲ့ခြင်းဖြစ်သည်။
စီရိုနယ်လ်ဒိုက နိုင်ငံလက်ရွေးစင်အသင်းအတွက် ဝင်ရောက်ကစားခဲ့ရသည့် အချိန်အတွင်း ရင်သွေး နှစ်ဦး မွေးဖွားခဲ့သော်လည်း နိုင်ငံအသင်းအတွက် ကိုယ်၊ စိတ် နှစ်ပါးစလုံးကို မြှုပ်နှံကစားခဲ့ရကြောင်းကို ရေးသားခဲ့ပြီး ''ပေါ်တူဂီအသင်းဥက္ကဋ္ဌကရော အသင်းတာဝန်ရှိသူတွေကရော ဒီနေ့ ကျွန်တော်တို့အပေါ် ထိတွေ့အားပေးမှုပြုခဲ့တာကို ဘယ်တော့မှမမေ့ပါဘူး။ ကျွန်တော့်ကလေးလေးတွေနဲ့ တွေ့ဆုံရတော့မှာ ကိုတော့ တကယ်ကို ပျော်ရွှင်ရပါတယ်'' ဟု ဖေ့ဘွတ်စ်စာမျက်နှာထက်တွင် ရေးသားခဲ့သည်။
စီရိုနယ်လ်ဒိုက ချီလီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့ရခြင်းအတွက် စိတ်ပျက် မိကြောင်း ဆိုခဲ့သလို တတိယနေရာလုပွဲကို ပါဝင်တော့မည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ အစော ပိုင်းက အငှားကိုယ်ဝန်ဖြင့် အမြွှာသားတစ်ဦး၊ သမီးတစ်ဦး မွေးဖွားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုမူ သားယောက်ျားလေးနှစ်ဦးသာ ဖြစ်နေခြင်းဖြစ်သည်။ စီရိုနယ်လ်ဒိုတွင် ခရစ္စတီယာနို ဂျူနီယာ အမည်ရ သားတစ်ဦီးရှိနှင့်နေပြီဖြစ်ပြီး ယခုဇွန်လအတွင်းမှာပင် အသက်ခုနစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထို့ပြင် စီရိုနယ်လ်ဒို၏ ချစ်သူ အသက်(၂၂)နှစ်အရွယ် ဂျော်ဂျီနာ ရိုဒီရီဂွက်ဇ်မှာလည်း ကိုယ်ဝန်ငါးလ လွယ်ထားရပြီဖြစ်ကြောင်း သတင်းများထွက်နေရာ ယင်းကိစ္စရပ်သာ မှန်ကန်သည်ဆိုပါက စီရိုနယ်လ်ဒိုမှာ တစ်နှစ်အတွင်း ကလေးသုံးဦး ထပ်တိုးပိုင်ဆိုင်သည့် ဖခင်ဖြစ်လာမည်ဖြစ်သည်။

No comments:

Post a Comment