Thursday, June 29, 2017

လူမှုပတ်ဝန်းကျင်တွင် လက်တွေ့အသုံးဝင်မည့် ပြောင်းလဲမှုများကို စနစ်တကျလုပ်ဆောင်ကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

Image may contain: 1 person, sitting
ပဲခူး ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့နှင့် ယာဉ်လုပ်ငန်းများကြီးကြပ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးတွင် မကြာမီ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး တည်ဆောက်တော့မည်ဖြစ်၍ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်လာတော့မည် ဖြစ်ကြောင်း၊ ယခုအချိန်ကတည်းက သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့်ပတ်သက်သည့် အဖွဲ့အစည်းများ ထပ်မံဖွဲ့စည်း ခြင်း၊ ရွေးချယ်ခြင်းများ ဆောင်ရွက်ရတော့မည်ဖြစ် ကြောင်း၊ လက်ရှိပဲခူးတိုင်းဒေသကြီးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီသည် လာမည့်သြဂုတ်လတွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး အသစ်ပြန်လည်ရွေး ချယ်နိုင်ရေးအတွက် သမာသမတ်ကျသည့် ကော်မရှင်အဖွဲ့ ဖွဲ့စည်းသွားရန်၊ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် များအနေဖြင့်လည်း သတ်မှတ်ချက်များနှင့်အညီဖြစ်စေရန် လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာ တွင် နာမည်ပြောင်းရုံဖြင့်မရဘဲ လူမှုပတ်ဝန်းကျင်တွင် လက်တွေ့အသုံးဝင်မည့် စနစ်တကျ ပြောင်းလဲခြင်းမျိုး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ပဲခူးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ရေးနှင့် ကိုယ်စားလှယ်လောင်းများ၏ သတ်မှတ် အရည်အချင်းများ စသည်တို့ကို ဆွေးနွေးတင်ပြခဲ့သည်။
ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီသို့ ဝင်ရောက် ယှဉ်ပြိုင်ရမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် နိုင်ငံသားဖြစ်ရန်၊ ပဲခူးတိုင်းဒေသကြီးတွင် အခြေချနေထိုင် သူဖြစ်ရန်၊ အကျင့်စာရိတ္တကောင်းမွန်ရန်၊ (၂၄)နာရီ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရန်၊ ကျန်းမာရေးကောင်းမွန် ရန်၊ အသက်(၂၅)နှစ် ပြည့်ပြီးသူဖြစ်ရန် စသည့်အချက်များ နှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီး ဝန်ကြီးများ၊ သက်ဆိုင်ရာကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment