Monday, June 26, 2017

နိုင်ငံတကာရိုးရာ လက်ဝှေ့ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပ မြန်မာနိုင်ငံကိုယ်စားပြု လက်ဝှေ့ကစားသမားများ ရလဒ်ကောင်းများရရှိ

Image may contain: 2 people
ရန်ကုန် ဇွန် ၂၅
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ ချုပ်မှကြီးမှူး၍ Modern Myanmar Synergy Group & H & S Group မှ စီစဉ်ကျင်းပသော မြန်မာ၊ ထိုင်း၊ ဥဇဘက်ကစ္စတန်၊ ကမ္ဘောဒီးယား လေးနိုင်ငံပါဝင်သော LETHWEI NATION FIGHT နိုင်ငံတကာရိုးရာ လက်ဝှေ့ဖိတ်ခေါ်ပြိုင်ပွဲကြီးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ သိမ်ဖြူ လက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲကြီးတွင် ပြည်တွင်းတွဲဆိုင်းနှစ်ဆိုင်းနှင့် ပြည်ပတွဲ ဆိုင်းငါးဆိုင်း စုစုပေါင်း တွဲဆိုင်းခုနစ်ဆိုင်း ဖြင့် ငါးချီယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။
ပထမဆုံးပြည်တွင်း တွဲဆိုင်းတစ်ဆိုင်းအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဆုတံဆိပ်ရှင်များဖြစ်ကြသည့် ဆလိုင်းချမ်းမြေ့ကို(ထွန်းသွင်)နှင့် ရဲရင့်သွေး (1886 Mandalay)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ ဆလိုင်းချမ်းမြေ့ကိုမှာ ညာခြေ ဖြတ်ကန်ချက်များကောင်း၍ ရဲရင့်သွေးမှာလည်း ဒူးတိုက်ချက်များကောင်းခဲ့ကြသော်လည်း သရေပွဲဖြစ်ခဲ့သည်။
ပြည်တွင်းဒုတိယတွဲဆိုင်းအနေဖြင့် ဒေါင်းဖြူလေး(Adventure)နှင့် ခွန်လင်းထက်(မြိုင်ကလေးဘိလပ်မြေစက်ရုံ)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာတွင် ဘယ်ခြေကန်ချက်၊ ဘယ်ညာဝိုက်လက်သီးများနှင့် အကြိတ်အနယ်ရှိကြ သော်လည်း အနိုင်အရှုံးမပေါ်ဘဲ ပူးတွဲသရေဖြစ်ခဲ့သည်။
ဆက်လက်၍ ပြည်ပတွဲဆိုင်း ပထမဆုံးပွဲအနေဖြင့် မွေထိုင်းလက်ဝှေ့အတွေ့အကြုံရှိကြသော ကရင်လေး(မြန်မာ)နှင့် ဘွန်နန်း(ထိုင်း)တို့ ယှဉ်ပြိုင် ထိုးသတ်ကြရာတွင် ကရင်လေး၏ လျင်မြန်လှသည့် ဘယ်ညာလက်သီးထိုးချက် တွေကြောင့် ဘွန်နန်းမှာ ပထမအချီမှာပင် အနားတောင်းခဲ့ရပြီး ပြန်အတည်တွင် ကရင်လေးက ဘွန်နန်းအား အလဲထိုးအနိုင်ရခဲ့ကာ ပရိသတ်များလည်း အကြိုက်တွေ့သည့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။
ပြည်ပတွဲဆိုင်း ဒုတိယပွဲအနေဖြင့် မိုးဟိန်း(မြိုင်ကလေးဘိလပ်မြေစက်ရုံ) နှင့် လိုင်ဖေး(ကမ္ဘောဒီးယား)တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် မိုးဟိန်းမှာ ဘယ်ဖြောင့်လက်သီးကောင်းခဲ့သော်လည်း လိုင်ဖေး၏တံတောင်ချက်များကြောင့် တတိယအချီ ၅၈ စက္ကန့်အရောက်တွင် မိုးဟိန်းမှာ နဖူးကွဲသွားပြီး ဆရာဝန် စစ်ဆေးချက်အရ ဆက်လက်ယှဉ်ပြိုင်ခွင့် မရခြင်းကြောင့် လိုင်ဖေး အနိုင်ရခဲ့သည်။
တတိယပွဲ တွဲဆိုင်းအနေဖြင့် ရွှေခါးပတ်ချန်ပီယံ ကြယ်စင်ဖြိုး(ရိုးရာပုဂံ၊ မြန်မာ)နှင့် ဒင်ဘိုဆိုင်း(ထိုင်း)တို့ပွဲသည် အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ကြသော်လည်း သရေပွဲဖြင့် အဆုံးသတ်ခဲ့သည်။
စတုတ္ထမြောက် ပြည်ပတွဲဆိုင်းအနေဖြင့် ရွှေခါးပတ်ချန်ပီယံ တစ်ဦးဖြစ်သူ မိုက်ရိုင်းလေး(ရွှေဖူး၊ မြန်မာ)နှင့် တိုလာဘေး(ဥဇဘက်ကစ္စတန်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် မိုက်ရိုင်းလေး၏ ကန်ချက်၊ ထိုးချက်များကြောင့် စတုတ္ထအချီ ၁ မိနစ် ၃၂ စက္ကန့် အရောက်တွင် တိုလာဘေးကို စတုတ္ထအချီတွင် အလဲထိုးအနိုင်ယူခဲ့သည်။ ယင်းပွဲသည်လည်း ပရိသတ်များအကြိုက်တွေ့ကြသည်။
နိုင်ငံတကာရိုးရာလက်ဝှေ့ဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် နောက်ဆုံးတွဲဆိုင်းအဖြစ် စောဂေါ်မူဒို(သတ္တိ၊ မြန်မာ)နှင့် ပရော့စမွေ(ခ)ဝီဂျစ်(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်သည့် ပွဲစဉ်သည်လည်း အပြန်အလှန် ဘယ်ထောက် လက်သီး၊ ထိုးချက်ကန်ချက်ကောင်းများဖြင့် ထိုးသတ်ခဲ့ကြသော်လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေဖြင့် ကျေနပ်ခဲ့ရသည်။
ယနေ့ ယှဉ်ပြိုင်ထိုးသတ်ကြသည့် ပြည်တွင်း၊ ပြည်ပတွဲဆိုင်းခုနစ်ဆိုင်းတွင် နိုင်ငံတကာအတွေ့အကြုံနှင့် ယှဉ်ပြိုင်မှုစွမ်းရည်၊ ထိုးသတ်သည့်ပွဲပေါင်းများပြားလှသော အားကစားသမားများပါဝင်ယှဉ်ပြိုင်ကြကာ ပြည်တွင်းပွဲနှစ်ပွဲ သရေကျခဲ့ပြီး ပြည်ပတွဲဆိုင်းပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု လက်ဝှေ့သမားများက နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်တို့ကို ရရှိခဲ့ကြသည်။
သတင်း-အေးမင်းသူ

No comments:

Post a Comment