Thursday, June 29, 2017

လေးလမ်းသွား အဆင့်မြှင့်တင်ထားသည့်အတွက် သွားလာမှုအဆင်ပြေ


Image may contain: tree and outdoor
စာရေးသူသည် လွန်ခဲ့သော ရက်သတ္တပတ်က နေပြည်တော် ပျဉ်းမနားမှ တပ်ကုန်းဘက်သို့ ခရီးစဉ်တစ်ခုဖြင့် ရောက်ဖြစ်ခဲ့ပါသည်။ ဟိုယခင် သွားလာ စဉ်တုန်းက ယင်းရန်ကုန်-မန္တလေးလမ်းဟောင်းသည် နှစ်လမ်းသွားသာဖြစ်သောကြောင့် ကားကြီး၊ ကားသေးများဖြင့် ရှောင်တိမ်းလို့မလွယ်၊ ကျော်တက်ရန် ခက်ခဲခဲ့ပြီး ဆိုင်ကယ်အလာ လူလမ်းအကူးတို့ကို သတိရှိရှိဖြင့် မောင်းနှင်ခဲ့ရသည့်လမ်းဖြစ်သည်။ ယင်းလမ်းသည် ကုန်စည်စီးဆင်းရာ၊ ပို့ဆောင်ရာလမ်းကြောင်းဖြစ်သဖြင့် ကားကြီးအစီးရေတစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာသည်။ ထိုသို့အကြောင်းများကြောင့် ရန်ကုန်-မန္တလေးလမ်းဟောင်းလမ်းပိုင်းများကို အပိုင်းပိုင်းခွဲကာ BOT စနစ်ဖြင့် ကုမ္ပဏီများသို့ လုပ်ကိုင်စေခဲ့သဖြင့် ယခုလေးလမ်းသွား ကတ္တရာလမ်းချောအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာသည်ကို တွေ့မြင်ရသည်။
ယခုရောက်ရှိခဲ့သည့် လမ်းပိုင်းဖြစ်သော နေပြည်တော်-ပျဉ်းမနားမှ တပ်ကုန်းလမ်းပိုင်း အခြေအနေကို မျက်မြင်သိရှိခဲ့ရသည်ကို တင်ပြသွားလိုပါသည်။ စာရေးသူတို့ ပျဉ်းမနားမှ ထွက်ခွာလာပြီး ရေဆင်းအလွန်၌ ကားကို ခေတ္တရပ်နားပြီး လမ်းသွားလမ်းလာများကို စုံစမ်းမေးမြန်းကြည့်ရာ ''ဒီလမ်းက လေးလမ်းသွားကတ္တရာလမ်းချဲ့ထားတာ ပြီးသလောက်ရှိပြီ။ အလုံးစုံသိချင်ရင် သိုက်ချောင်းမရောက်ခင်မှာ ကုမ္ပဏီက တာဝန်ရှိသူတွေရှိတယ် မေးမြန်းကြည့် ပါလား''ဟုဆိုသဖြင့် ဆက်လက်မောင်းနှင်ထွက်ခွာလာရာ ဇေယျာသီရိဘောလုံးကွင်းရှေ့မြေသားများ ပြုပြင်နေသည့်အဖွဲ့သို့ ချဉ်းကပ်ခဲ့ပါသည်။ ၄င်းသည် Oriental High Way Company Limited မှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းအောင်သင်းဖြစ်ကြောင်း၊ လမ်းအကြောင်းသိလိုပါက ရှင်းပြမည်ဟုဆိုလာသဖြင့် အဆိုပါလမ်းပိုင်းနှင့်ပတ်သက်၍ သိလိုသည်များကို အခါအခွင့်သင့် မေးမြန်းခွင့်ရခဲ့ပါသည်။
တာဝန်ခံအင်ဂျင်နီယာက ''အခု ဖွင့်လှစ်တော့မယ့် လမ်းပိုင်းကတော့ ရန်ကုန်-တောင်ငူ-မိတ္ထီလာ-မန္တလေး ပြည်ထောင်စုလမ်းမကြီး (AH-1)အာဆီယံဟိုက်ဝေးလမ်း အမှတ်(၁)တွင်ပါဝင်တဲ့ သာဝတ္ထိအစပ်မှ တပ်ကုန်း မြို့နယ်အဝင်(သပြေချောင်းကျေးရွာ)အထိရှိတဲ့ မိုင် ၄ဝ ရှိ လမ်းပိုင်းကိုပါ၊ ဒါပထမအဆင့် မိုင် ၄ဝ အချောအဆင့်ပြီးသွားလို့ပါ၊ နောက်ဒုတိယအဆင့်အနေနဲ့ ၄၅ မိုင် ၂ ဖာလုံ ကျန်ပါသေးတယ်။ အဲဒီလမ်းပိုင်းကိုလည်း ၂ဝ၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်ပြီးစီးမယ်လို့ ခန်းမှန်းပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ တာဝန်ယူလုပ်ဆောင်ရမယ့် လမ်းပိုင်းကတော့ ရေတာရှည်-ပျဉ်းမနား-ရမည်းသင်းလမ်းပိုင်းဖြစ်ပါတယ်။ မိုင်အားဖြင့် ၁၉၄ မိုင် ဝ ဖာလုံမှ ရမည်းသင်း ၂၉ဝ မိုင် ဝ ဖာလုံအထိ ဖြစ်ပါတယ်။ မိုင်အားဖြင့် ၈၅ မိုင် ၂ ဖာလုံ ရှိပါတယ်''ဟု ရှင်းပြသည်။
ဦးစိုင်းအောင်သင်း ရှင်းပြသည်ကို မှတ်သားပြီးနောက် ယင်းလမ်းပေါ်တွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ကိုတွေ့ရှိ၍ ယာဉ်အဖွဲ့မှ ရဲအုပ်အား လမ်းအခြေအနေကို ဆက်လက်မေးမြန်းခဲ့ပါသည်။
''ကျွန်တော်ကတော့ ရဲအုပ်ဇင်အောင်လင်း(ဇေယျာသီရိမြို့နယ်၊ ယာဉ် ထိန်းတပ်ဖွဲ့စု-၅)ကပါ။ လမ်းကတော့ ကောင်းသွားပြီ၊ လေးလမ်းသွားဖြစ်သွားတဲ့အတွက် ကားတွေမောင်းရတာလည်း တော်တော်အဆင်ပြေသွားတယ်။ ကားတွေတစ်စီးနဲ့တစ်စီး ကျော်တက်မယ်ဆိုရင် တွဲကားကြီးတွေဆိုရင် အဆင်မပြေဘူး၊ ရှေ့ကသွားတဲ့ ကားနောက်ကပဲ ထိန်းလိုက်မယ်ဆိုရင် ယာဉ်အန္တရာယ် လည်းကင်းရှင်းမယ်။ ဆိုင်ကယ်စီးတဲ့လူတွေကို အကြံပေးချင်တာကတော့ ဒီလမ်းမှာက ကားအသွားအလာ တအားများတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း လက်ယာကပ်မောင်းစနစ်ကို ကျင့်သုံးနေတာဆိုတော့ ဆိုင်ကယ်မောင်းတဲ့သူတွေ အနေနဲ့ လက်ယာကပ်ပြီး စနစ်တကျမောင်းသင့်တယ်။ လမ်းမရှင်းဘဲနဲ့တော့ ကျော်မတက်သင့်ဘူး၊ တချို့တွေကျတော့လည်း အရှိန်နဲ့မောင်းလာပြီး ကျော်တက်တယ်။ အဲဒါမျိုးတွေကျတော့ ယာဉ်တိုက်မှုအန္တရာယ်တွေ ဖြစ်တာများတယ်။ ကျွန်တော်တို့ဒီမှာက အဖွဲ့အစုံနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဆောင်ရွက်နေတဲ့အချိန်မှာတော့ လမ်းလယ်ကြောမှာ ယာဉ်ထိန်း တစ်ယောက်ထားပြီး နောက်ကမောင်းလာတဲ့ကားတွေကို ယာဉ်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်ပေးတယ်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ပညာပေးတွေလုပ်တယ်၊ ယာဉ်အန္တရာယ်ကင်းရှင်းလျော့ကျစေ ရေးကို အလှည့်ကျတာဝန်ကျတဲ့သူတွေအနေနဲ့လည်း အသိပေးပြောပြနေပါ တယ်''ဟု ပြောသည်။
ယင်းနောက် ပေါင်းလောင်းယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုမျိုးလှိုင်ကလည်း ''ယာဉ်မောင်း သက်တမ်းကတော့ ငါးနှစ်ရှိပါပြီ။ ဒီလမ်းကို နေ့စဉ်မောင်းနေတာပါ၊ လမ်းမပြင်ခင်ကတည်းကပါ။ အရမ်းတုန်းက လမ်းက ချိုင့်တွေဘာတွေရှိတော့ သွားရတာ အချိန်တော့နည်းနည်းကြန့်ကြာတာပေါ့။ အခုကတော့ လမ်းကလည်းကောင်းသွားတော့ မောင်းရတာ အချိန်ကြန့်ကြာ မှုနည်းသွားပါတယ်။ ယာဉ်အန္တရာယ်အနေနဲ့ကတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုလိုက်နာပြီး စနစ်တကျသတ်မှတ်ထားတဲ့ မိုင်နှုန်းနဲ့ မောင်းမယ်ဆိုရင်တော့ အန္တရာယ်ကင်းရှင်းမယ်လို့ ထင်ပါတယ်။ တွဲကား၊ လိုင်းကား၊ ကိုယ်ပိုင်ကားပေါင်းစုံနဲ့ ဆိုင်ကယ်တွေကို သူ့လမ်းကြောင်းနဲ့သူ သတ်မှတ် မောင်းခိုင်းရင်တော့ ပိုကောင်းပါတယ်။ အခုက အတင်းကျော်တက် မောင်းနှင်မှု တွေလည်း တွေ့ရတတ်ပါတယ်။ အခုလို ကားလမ်းကို အဆင့်မြှင့်တင်ပေးလိုက် တဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ရော ကျွန်တော်တို့လို ကားသမားတွေ အတွက်ပါ အကျိုးရှိပါတယ်။ ဒါပေမယ့် လမ်းကောင်းသွားတဲ့အပေါ်မှာ စနစ်တကျသွားလာမောင်းနှင်ကြမယ်ဆိုရင်တော့ အကောင်းဆုံးပါလို့ ပြောချင်ပါ တယ်။ ကျန်တဲ့လမ်းပိုင်းတွေကိုလည်း ဒီလိုလမ်းမျိုးဖြစ်အောင် လုပ်ဆောင် ပေးမယ်ဆိုရင် ပိုကောင်းပါတယ်''ဟု ပြောသည်။
ဇေယျာသီရိမြို့နယ် ဗောဓိမြိုင်ရပ်ကွက်မှ ဆိုင်ကယ်စီးနင်းသူ ကိုသက်ထွန်းကလည်း ''ဒီလမ်းကြီးကို စခင်းတာတော့ လေးငါးလလောက် ရှိပြီလို့ထင်တယ်။ အခုလိုလမ်းသစ်ကြီးခင်းပေးတဲ့အတွက် အများကြီးကောင်းပါတယ်။ လမ်းဟောင်းထက်လည်း အများကြီးကောင်းပါတယ်။ လမ်းလည်းကျယ် တယ်။ မောင်းနှင်ရတာလည်းချောမွေ့မှုရှိတယ်။ သွားရလာရတာလည်း အရင် ထက်အဆင်ပြေတယ်။ အရင်တုန်းက လမ်းကလည်းကျဉ်းတော့ ယာဉ်တိုက်မှု တွေဆိုလည်း မကြာခဏကြားရတတ်တယ်။ ကြားရတယ်ဆိုတာလည်း လမ်းကြောင့်တစ်ခုတည်းတော့ မဟုတ်ပါဘူး၊ မောင်းနှင်သူတွေရဲ့ ပေါ့ဆမှုတွေလည်း ရှိနိုင်ပါတယ်။ အခုဒီလမ်းကြီး ဖွင့်လှစ်ပေးလိုက်တဲ့အချိန်မှာတော့ မကြားတော့ ပါဘူး။ ဘယ်လမ်းကိုပဲမောင်းမောင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာရင်တော့ ယာဉ်တိုက်မှုတွေ နည်းသွားမယ်လို့ ထင်ပါတယ်။ ကျွန်တော် တို့ နယ်ခံတွေအနေနဲ့လည်း ဒီလမ်းကြီးဖွင့်လှစ်ပေးတဲ့အတွက် သွားလာမှု၊ ကုန်စည်သယ်ဆောင်မှု အချိန်ကအစ သက်သာအဆင်ပြေသွားပါတယ်။ ဒီလို ကောင်းမွန်တဲ့လမ်းတွေ အများကြီးရှိလာမယ်ဆိုရင်တော့ အလွန်ကောင်းပါ တယ်။ ကျွန်တော်တို့လို ဆိုင်ကယ်မောင်းနှင်သူတွေအတွက် ဆိုင်ကယ်မောင်းတဲ့ သီးသန့်သွားလမ်းလေးတွေ သတ်မှတ်ပေးရင်တော့ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။
ယာဉ်အန္တရာယ်အတွက်လည်း ကောင်းသွားတာပေါ့''ဟု ပြောပြခဲ့သည်။
စာရေးသူ ကြုံဆုံခိုက် လေ့လာမေးမြန်းခဲ့သည်များကို ပြန်လည်တင်ပြ ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်ရေး တစ်စထက် တစ်စ ပိုမိုကောင်းမွန်တိုးတက်လာပါက ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမများအချင်းချင်း ကူးလူးသွားလာမှု ပိုမိုလျင်မြန်သွက်လက် လာမည်ဖြစ်၍ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာကာ ဒေသထွက်ကုန်ပစ္စည်း များကိုလည်း အပြန်အလှန် လျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ပြီး စီးပွားရေးအလားအလာများ ပိုမိုတိုးတက်ကောင်းမွန်ဖွံ့ဖြိုးလာနိုင်တော့မည်ဟု ထင်မြင်သုံးသပ်မိပါသည်။
(အောင်တိုးတက်)

No comments:

Post a Comment