Tuesday, June 27, 2017

လူသားအားလုံး သက်တမ်းစေ့နေနိုင်ရေး




လူ့လောကတွင် ရပ်တည်နေထိုင်ကြသူများအနက် လူအများစုသည် အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိ၏ ခန္ဓာကိုယ်ဗဟိဒ္ဓ ဖြစ်ပေါ်ပြောင်းလဲမှုတို့ကို သေချာစွာရှုမြင်ဆင်ခြင်နိုင်ခြင်းမရှိဘဲ အမှုမဲ့ အမှတ်မဲ့ နေထိုင်တတ်ကြသည်။ မိမိတို့၏ နိစ္စဓူဝ ဗာဟီရကိစ္စများသည်ကို အကြောင်းပြု၍လည်းကောင်း၊ တရားသဘောအရ မိမိကိုယ်မိမိ ဆင်ခြင် နိုင်စွမ်းနည်း၍လည်းကောင်း၊ ဆေးဖိုးဝါးခငွေကြေးအတိုင်းတာအရ တတ်နိုင်ခြင်းငှာ မစွမ်းသာ၍လည်းကောင်း မိမိခန္ဓာအတွင်း တစ်နေ့ ထက်တစ်နေ့၊ တစ်စထက်တစ်စ ပျက်စီးယိုယွင်းခြင်းတို့ကို အလေးမမူမိ၊ သတိမထားမိဖြစ်ရသည်ဟု ဆိုချင်သည်။
ထို့အပြင် ရုပ်သဏ္ဌာန်ဖြင့်ဖွဲ့စည်းထားသော မိမိတို့ခန္ဓာကိုယ်၌ ဓာတ်ကြီးလေးပါး ညီညွတ်မျှတခြင်းမရှိပါက အသက်အရွယ်မရွေး ခန္ဓာပျက်စီးခြင်းဖြစ်နိုင်သည်ကိုလည်း အမှုမဲ့အမှတ်မဲ့သဘောပင် ရှိတတ်ကြသည်။ နောက်ဆုံးအချိန် ခန္ဓာကိုယ်ယိုယွင်းပျက်စီးမှုအဆင့် မရှူနိုင်မကယ်နိုင်ဖြစ်သည့်အခါမှသာ ကယ်တင်ရှင်သမားတော်တို့ထံ အပြေးအလွှားအရောက်သွားတတ်ကြသည်။ အမှန်တကယ်တွင် လူ့လောက၌ လူတို့၏ ပျက်စီးခြင်းသဘောတို့ကြောင့် အနိစ္စသဘော ချုပ်ငြိမ်းခြင်းတို့ကို မြင်တွေ့ကြားသိနေရသော်လည်း နိုင်ငံတစ်ဝန်း၌ မသိမကြားရသော အနိစ္စသဘောများ များစွာရှိနေပေသည်။ လူတို့၏သက်တမ်းစေ့အရွယ်မှာ ၇၅ နှစ်တန်းအထိ ရှိတန်ကောင်း သော်လည်း အချိန်မတန်မီကြွေလွင့်ကြသည်မှာ နှမြောတသဖွယ် ကောင်းလှသည်။
လူ့ဘဝတွင် သက်တမ်းစေ့နေနိုင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပြီး ယခုအခါ သက်တမ်းမစေ့ဘဲ လူ့ဘဝမှ ထွက်ခွာကြသူများ များလာသည်ကို တွေ့ရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂ဝ၁၄ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သေဆုံးသူစုစုပေါင်း၏ ၅၉ ရာခိုင် နှုန်းသည် မကူးစက်ရောဂါ(ရောဂါအသစ်)ကြောင့် သေဆုံးနေရသည်ဟု ဆိုထားသည်။ ၄၁ ရာခိုင်နှုန်းတွင် ၃ဝ ရာခိုင်နှုန်းမှာ ကူးစက်ရောဂါ ကြောင့်ဖြစ်ပြီး ကျန် ၁၁ ရာခိုင်နှုန်းမှာ ယာဉ်မတော်တဆမှုကြောင့် အချိန်မတိုင်ခင် သေဆုံးကြရသူများဖြစ်သည်။ လူ့ဘဝသက်တမ်းတွင် မီးစာကုန် ဆီခန်းသောအရွယ်၌ သေဆုံးရသည်မှလွဲ၍ ကျန်ရှိသော အသက်အရွယ်မရွေး၊ လူတန်းစားမရွေးတို့မှာ ကူးစက်သောရောဂါ၊ မကူးစက်သောရောဂါနှင့် ဥပစ္ဆေဒက ကံတို့ကြောင့် သေဆုံးကြရသည်။
အဓိကဆိုလိုချင်သည်မှာ နိုင်ငံအတွင်းရှိ လူဦးရေစုစုပေါင်း၏ အသက်အရွယ်မရွေး ၅၉ ရာခိုင်နှုန်း သေဆုံးနိုင်သော (မကူးစက်သော ရောဂါ) ရောဂါအသစ်အဆန်းများကို သတိပြုမိဖို့လိုသည်။ ယင်းတို့တွင် ဆီးချိုနှင့် သွေးချိုရောဂါကြောင့် သေဆုံးသူမှာ သုံးရာခိုင်နှုန်း၊ နာတာ ရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးသူ ကိုးရာခိုင်နှုန်း၊ ကင်ဆာရောဂါကြောင့်သေဆုံးသူ ၁၁ ရာခိုင်နှုန်း၊ အခြား မကူးစက်သောရောဂါကြောင့် သေဆုံးသူ ၁၁ ရာခိုင်နှုန်း၊ သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် သေဆုံးသူ ၂၅ ရာခိုင်နှုန်းဖြစ်ရာ သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် သေဆုံးသူမှာ အများဆုံးဖြစ်နေသည်ကိုတွေ့ရသည်။
ထို့ကြောင့် အသက်အရွယ်မရွေး အသက်ဇီဝိန်ချုပ်စေနိုင်သော အသံတိတ်လူသတ်သမားရောဂါသစ်ကို အမှုမဲ့အမှတ်မဲ့မနေဘဲ သတိပြု ကြရမည်ဖြစ်သည်။ သွေးတိုးရောဂါမှာ သွေးပေါင်ချိန် ၁၄ဝ/၉ဝ အထက်ရှိလျှင် သွေးတိုးပြီဟု သတ်မှတ်နိုင်ပြီး အငန်၊ အဆီ၊ ဆေးလိပ်၊ အရက်တို့ကို ဆင်ခြင်ကြရန်နှင့် ဆီးချို၊ အဝလွန်၊ မိဘမျိုးရိုး၊ ကိုယ်ဝန်ဆောင်၊ ကျောက်ကပ်ရောဂါနှင့် အချို့ဆေးဝါးများကို သတိထားရမည် ဖြစ်သည်။ နှလုံးသွေးကြောကျဉ်းရောဂါမှာလည်း အလားတူဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုနည်းပါးသူများနှင့် စိတ်ဖိစီးမှုများသူများအဖို့ အထူးသတိထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ လူ့ဘဝကို အလွယ်တကူ၊ လျှပ်တစ်ပြက် ချုပ်ငြိမ်းသွား စေနိုင်သည့် မကူးစက်သောရောဂါ(အသံတိတ်လူသတ်သမား)ကို အထူး သတိထားနိုင်ရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စား သောက်မှုပုံစံများနှင့် ညီညွတ်အောင်ဆောင်ရွက်ပြီး ကိုယ်လက်လှုပ်ရှားမှု များ မှန်မှန်ပြုလုပ်ကြကာ စိတ်ဖိစီးမှုများလျော့နည်းကျဆင်းအောင် ပြုလုပ်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment