မြန်မာ့အလင်းအယ်ဒီတာအာဘော်
မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍအပါအဝင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍ အခရာကျသည်မှာ တစ်စုံတစ်ရာ အငြင်းပွားစရာမရှိသောကိစ္စ ဖြစ်ပါသည်။ သို့သော် ၁၉၆၂ ခုနှစ်၌ တစ်ခုတည်းသော ပါတီ၏ဦးဆောင်မှု ဖြင့် ဆိုရှယ်လစ်စီမံကိန်း စီးပွားရေးစနစ်ထူထောင်ရန် ကြိုးပမ်းခဲ့သည်မှ စ၍ ယနေ့ထက်တိုင်ဖြတ်သန်းခဲ့ရသော တိုင်းပြည်၏ သမိုင်းကြောင်း အခြေအနေတို့အရ မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍသည် ကမ္ဘာ့ဘဏ္ဍာ ရေးစနစ်နှင့် ချိတ်ဆက်နိုင်မှု အားနည်းလျက်ရှိသည့်နည်းတူ နိုင်ငံတကာ ဘဏ်လုပ်ငန်းတို့၏ လုပ်ထုံးလုပ်နည်း စံချိန်စံညွှန်းတို့အား တင်းပြည့် ကျပ်ပြည့် အကောင်အထည်မဖော်နိုင်သော အခြေအနေမျိုးကို ရင်ဆိုင် ရလျက်ရှိပါသည်။
ဤသို့သော အခြေအနေမျိုး၌ မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များ အသင်းကSiam Commescial Bank (SCB) အပါအဝင်Thammasat တက္ကသိုလ်တို့နှင့်ပူးပေါင်း၍ ခေါင်းဆောင်မှုစွမ်းရည် သင်တန်း သင်ကြားပို့ချမည်ဟူသောသတင်းသည် မင်္ဂလာရှိသော သတင်း ကောင်းဖြစ်ပါသည်။ ခေါင်းဆောင်မှုစွမ်းရည်သင်တန်းဟူသည်မှာ မြန်မာ့ ဘဏ်လုပ်ငန်းကဏ္ဍ၌ ကျွမ်းကျင်ပညာရှင်များအဖြစ် ဆောင်ရွက်နိုင် မည့် ပုဂ္ဂိုလ်များပေါ်ထွက်လာရေးကို ဦးတည်သည့် သင်တန်းများဖြစ်ပါ သည်။ ဤသည်မှာ SCB Bankers Academyက စီစဉ်သည့် ပထမဦးဆုံးသော သင်တန်းဖြစ်ပါသည်။ ဤပထမဦးဆုံးသောသင်တန်း၌ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကနှင့်အများပိုင်ဘဏ်အသီးသီးမှ ဘဏ်ဝန်ထမ်း ၃ဝ ခန့် တက်ရောက်သင်ကြားမည်ဖြစ်ပါသည်။
အဆိုပါ ဘဏ်ဝန်ထမ်း ၃ဝ တို့အား သင်ကြားပို့ချရာ၌ အငယ်တန်း ဦးဆောင်အရာရှိများ(Young Executives)နှင့် ထိပ်ပိုင်းအမှုဆောင် အရာရှိများ (Senior Executives)ဟူ၍ သင်ရိုးနှစ်မျိုး ခွဲခြားပို့ချ သွားမည်ဟု သိရှိရပါသည်။ ဤသို့သင်ရိုးနှစ်မျိုး ခွဲခြားပို့ချသွားခြင်းသည် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ၌ ခေါင်းဆောင်မှုစွမ်းရည် လေ့ကျင့်ပျိုးထောင် သင်ကြားမှုကို မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းသယ် ဆောင်သွားစေနိုင်မည်ဖြစ်ပါသည်။ ဤသင်တန်းတို့ကို စီစဉ်ဆောင်ရွက် ပေးမည့်Thammasat တက္ကသိုလ်သည် ထိုင်းနိုင်ငံတွင် အစိုးရကဏ္ဍ မှ ဖြစ်စေ၊ ပုဂ္ဂလိကကဏ္ဍမှဖြစ်စေ ဝန်ထမ်းတို့အတွက် ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်းများ စီစဉ်ဆောင်ရွက်ရာ၌ အမည်ကောင်းရလျက် ရှိသော ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည်။ သင်တန်းကာလ တစ်လခွဲ အတွင်း သင်ကြားပို့ချချက်များနှင့်အတူ လက်တွေ့လေ့လာမှုများ လည်းပြုလုပ်ရမည်ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံ၌လည်း နှစ်ရက်ကြာလေ့လာ သင်ယူရမည်ဖြစ်ပါသည်။
ဆောင်ရွက်လုပ်ကိုင်မည့် သင်တန်းအစီအစဉ်များကို လေ့လာကြည့်ရုံ မျှဖြင့် မြန်မာ့အနာဂတ်ဘဏ်လုပ်ငန်းကဏ္ဍ၌ ဦးဆောင်ကြရမည့် ပုဂ္ဂိုလ်ကြီးငယ်တို့ မဖြစ်မနေတက်ရောက်သင့်သည့် သင်တန်းဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များ အသင်းအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်ပံ့ပိုးမှုကိုရယူလျက် ဤကဲ့သို့သော သင်တန်းများတိုးပွားသည်ထက် တိုးပွားလာစေရန် ဆောင်ရွက်စေလိုကြောင်း လေးစားစွာ ကြိုဆိုဂုဏ်ပြုတိုက်တွန်းအပ် ပါသည်။ ။
No comments:
Post a Comment