Thursday, June 1, 2017

မျိုးသုဉ်းမည့်အန္တရာယ်ရှိနေသော ရှားပါးမျိုးစိတ် မျောက်လွှဲကျော် (မျက်ခုံးဖြူ)များကို စာရင်းကောက်ယူနေ

Image may contain: plant, outdoor and nature
ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ဖုန်ကန်ရာဇီ ဘေးမဲ့တောအတွင်း နေထိုင်ကျက်စားသည့် မျိုးသုဉ်းရန် အန္တရာယ်နှင့်နီးစပ်နေသော ရှားပါးမျိုးစိတ်မျောက်လွှဲကျော် (မျက်ခုံးဖြူ)များကို စာရင်းကောက်ယူ သုတေသနပြုလုပ် နေကြောင်း သတင်းရရှိသည်။
ဖုန်ကန်ရာဇီဘေးမဲ့တောအတွင်းရှိ အမြင့်ပေ ၇ဝဝဝ အောက်တွင်သာ နေထိုင်ကျက်စားကြသော မျောက်လွှဲ ကျော်(မျက်ခုံးဖြူ)များကို သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာအစီအစဉ်)နှင့် သစ်တောဌာနအောက်ရှိ ခါကာ ဘိုရာဇီအမျိုးသားဥယျာဉ်မှ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး သုတေသနများ ပြုလုပ်၍ အကောင်ရေစာရင်း ကောက်ယူ နေကြခြင်းဖြစ်ကြောင်း ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းက ပြောသည်။
ထို့အပြင် မျောက်လွှဲကျော် (မျက်ခုံးဖြူ)များသည် မျိုးသုဉ်းရန် အန္တရာယ်နှင့် နီးစပ်နေသော ရှားပါးတိရစ္ဆာန် ဖြစ်သည့်အတွက် လုံးဝကာကွယ်ထိန်းသိမ်းစောင့်ရှောက် ရမည်ဖြစ်ပြီး ယခု သုတေသနပြုလုပ်နေကြခြင်းမှာ အကောင်ရေမည်မျှ ကျန်ရှိနေသေးသည်ကို မှတ်တမ်း တင်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
မျောက်လွှဲကျော်(မျက်ခုံးဖြူ)များကို မေ ၅ ရက်မှ စတင်ကာ ဖုန်ကန်ရာဇီ ဘေးမဲ့တောရှိ ယင်းမျောက်များ ကျက်စားရာနေရာများတွင် နမူနာတစ်ကွက်လျှင် နှစ်ကီလိုမီတာစတုရန်းကွက် ဝန်းကျင်ရှိသော (၁ဝ)ကွက် သတ်မှတ်ကာ အသံကိုနားထောင်၍ မျောက်လွှဲကျော်ကောင်ရေ ခန့်မှန်းခြင်းနည်းစနစ်ကို အသုံးပြုပြီး ကောက်ယူခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အကွက်(၄)နှင့် အကွက် (၆)ကို ကောက်ယူမှု ပြီးသွားပြီဖြစ်ကာ ၂ဝ၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် အကွက် အားလုံး ကောက်ယူပြီးစီးမည်ဖြစ်ကြောင်း
သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ နိုင်ငံအစီအစဉ်)မှ တာဝန်ခံ ကိုဆမ်ဘုံဆင်က ပြောသည်။
''ကျွန်တော်တို့ သုတေသနလုပ်မယ့် ဒီနမူနာအကွက် (၁ဝ)ခုစလုံး ပြီးသွား ရင်တော့ ဒီတောထဲမှာ ကျက်စားနေတဲ့ Gibbon တွေရဲ့ အကောင်ရေ ဘယ်လောက်ကျန်ရှိသေးတယ်ဆိုတာကို ခန့်မှန်းနိုင်မယ် ထင်ပါတယ်'' ဟု ၄င်းက ပြောသည်။
၂ဝ၁၅-၂ဝ၁၆ ခုနှစ်ကလည်း ဖုန်ကန်ရာဇီဘေးမဲ့တောတွင် မျောက်လွှဲ ကျော်မျိုးစိတ်များကို ခွဲခြားသတ်မှတ်နိုင်ရန်အတွင် သုတေသနတစ်ခု ပြုလုပ် ခဲ့ဖူးကြောင်း၊ ထမံသီဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်းဘေးမဲ့တောတွင် လည်းမျောက်လွှဲကျော်(မျက်ခုံးဖြူ)များရှိကြောင်း သိရသည်။
ဖုန်ကန်ရာဇီဘေးမဲ့တောထဲရှိ မျောက်လွှဲကျော်(မျက်ခုံးဖြူ)များကို သုတေသနပြုခြင်းနှင့် စာရင်းကောက်နေသော သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာအစီအစဉ်)သည် ၁၉၉၃ ခုနှစ်ကတည်းက သစ်တောဦးစီဌာနနှင့် သဘောတူစာချွန်လွှာ (MoU) ထိုးကာ မြန်မာနိုင်ငံအတွင်းရှိ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။
(ညီတူး)

No comments:

Post a Comment