နေပြည်တော် ဇွန် ၁
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးမြို့ရှိ Prime Farm ၌ ခေတ်မီစိုက်နည်းစနစ်များဖြင့် စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများကို ကြည့်ရှုလေ့လာသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ညနေ ၄ နာရီတွင် ဟဲဟိုးမြို့ရှိ Prime Farm သို့ရောက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးလှမြင့်အောင်၊ Prime Farm ဒါရိုက်တာ Mr. Daniel နှင့် မန်နေဂျာ ဦးချမ်းမြေ့အောင်တို့က Prime Farm ထူထောင်ရခြင်း ရည်ရွယ်ချက်၊ ခေတ်မီစိုက်နည်းစနစ်အသုံးပြု၍ သီးနှံများစိုက်ပျိုးထုတ်လုပ်မှု၊ စမ်းသပ်သီးနှံများစိုက်ပျိုးထားရှိမှု၊ တင်ပို့ရောင်းချမှု၊ ဈေးကွက်အခြေအနေနှင့် အနာဂတ်လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အလွတ်စိုက်ကွက်များ၌ အစ္စရေးနိုင်ငံ NETAFIM နည်းပညာဖြစ်သည့် ရေအစက်ချစိုက်နည်းစနစ်အသုံးပြု၍ ဘယ်ရီနှင့် စတော်ဘယ်ရီပင်များ စိုက်ပျိုးထားရှိမှု၊ Pump House၊ Green House ဖြင့် ဥရောပစတော်ဘယ်ရီမျိုး ခုနစ်မျိုးကို စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာရာ စိုက်ကွက်တာဝန်ခံများက လိုက်လံရှင်းလင်းပြသကြသည်။
Prime Farm ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် Prime ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းကာ ဈေးကွက်၊ ရာသီဥတု၊ သီးနှံ၊ ကုန်ကျစရိတ် ဤလေးချက်ကို အဓိကတွက်ချက်ပြီး ဟဲဟိုးမြို့၌ ၂ဝ၁၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စမ်းသပ်စိုက်ဧက ၂၃ ဧက၊ Pump House၊ Green House စနစ်ဖြင့် စိုက်ဧက ၁၃ ဧက၊ အလွတ်စိုက်ကွက် ဧက ၇ဝ စုစုပေါင်းစိုက်ဧက ၁ဝ၆ ဧကရှိပြီး စတော်ဘယ်ရီ၊ ဘယ်ရီ၊ ဖရဲ၊ ဖရုံ၊ ကြက်သွန်၊ အာလူး၊ ဂေါ်ဖီ၊ ဆလတ်၊ မုန်လာဥနီ၊ မြေပဲ၊ စပါး၊ ပန်းဂေါ်ဖီ စသည့် သီးနှံမျိုးပေါင်း ၂ဝ ကို စိုက်ပျိုးထုတ် လုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် လက်ရှိတွင် ၂၄ဝဝ မီတာစကွဲယားရှိ Green House နှစ်ရုံ၊ ၁၅ဝဝ မီတာစကွဲယားရှိ Green House တစ်ရုံ စုစုပေါင်း သုံးရုံရှိပြီး ဥရောပမျိုးခုနစ်မျိုးဖြစ်သည့် စတော်ဘယ်ရီပင် ၇၅ဝဝ ကို Green House-1 တွင် စမ်းသပ်စိုက်ပျိုးထားကြောင်း၊ ဥရောပမျိုးခုနစ်မျိုးဖြစ်သည့် ဘယ်ရီပင် ၈၄ဝ ကို အလွတ်စိုက်ကွက်တွင် စမ်းသပ် စိုက်ပျိုးထားရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment