Tuesday, June 27, 2017

ရဲတပ်ဖွဲ့တွင်အသုံးပြုသော ခေတ်မမီသည့်လက်နက်များအစား လက်ရှိအခြေအနေနှင့်ကိုက်ညီသောလက်နက်များ ပြောင်းလဲတပ်ဆင်ခြင်းဆောင်ရွက်လျက်ရှိ




 နေပြည်တော် ဇွန် ၂၆


 ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်နေ သည့် သဘာဝဓာတ်ငွေ့ရောင်းရငွေ၏ အမြတ် ၅ ရာခိုင်နှုန်း ကို ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းပေးရန် အစီ အစဉ်မရှိသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ ရခိုင်ကမ်းလွန်မှ Gas ၁၂ ဘီလီယံကုဗပေကို တရုတ်နိုင်ငံသို့ နှစ်စဉ်ရောင်းချရန် စီမံကိန်းကာလနှစ် (၃ဝ) အတွက် ကတိကဝတ်ပြုထားသော ၇၉၃ ကီလိုမီတာရှည်သည့် မြန်မာနှင့် တရုတ် သဘာဝ ဓာတ်ငွေ့သွယ်တန်းမှုနှင့်ပတ်သက်၍ တစ်နှစ်တွင် Gas ရောင်းရငွေ မည်မျှရှိပြီး အမြတ်မည်မျှရှိကြောင်းနှင့် ရှမ်း ပြည်နယ်လွှတ်တော်တွင် အတည်ပြုပြီးသောGas ရောင်း ရငွေအမြတ် ၅ ရာခိုင်နှုန်းကို ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ မည်သည့်အချိန်တွင် ထည့်သွင်းရေးဆွဲ ချမှတ်ပေးမည်ကို သိရှိလိုကြောင်း မေးခွန်းအား ဒုတိယဝန်ကြီးက ပြန်လည် ဖြေကြားရာတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သဘာဝဓာတ်ငွေ့
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြည်ထောင်စုက ပြဋ္ဌာန်းသည့်ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်း ဆောင်ရွက်ခွင့်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာအခွန်အခများကိုသာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ နှစ်စဉ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ လိုငွေများကိုဖြည့်ဆည်းပေးနေရပါကြောင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အထိ သဘာဝ ဓာတ်ငွေ့ ရောင်းရငွေမှရရှိသော ဝင်ငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၁၂၁ သန်းကျော်ကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းခဲ့ ပါကြောင်း ရှင်းလင်းခဲ့သည်။
ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို ၂ဝ၁ဝ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး တည်ဆောက် ရေးကာလ သုံးနှစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းတွင် တရုတ်နိုင်ငံCNPC ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု ၅ဝ ဒသမ ၉ ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံ Daewoo ကုမ္ပဏီမှ ၂၅ ဒသမ ဝ၄၁ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံ ONGC ကုမ္ပဏီမှ ၈ ဒသမ ၃၄၇ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ GAIL ကုမ္ပဏီမှ ၄ ဒသမ ၁၇၃၅ ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံKOGAS ကုမ္ပဏီမှ ၄ ဒသမ ၁၇၃၅ ရာခိုင်နှုန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၇ ဒသမ ၃၆၅ ရာခိုင်နှုန်း ပါဝင် ရင်းနှီး မြှုပ်နှံခဲ့ကြောင်း။
ချေးငွေပြန်လည်ပေးဆပ်
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက China Development Bankထံမှ ချေးငွေ ယူရို ၈၆ ဒဒသမ ၁၆ သန်း ချေးယူခဲ့၍ အဆိုပါစီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ ကြောင်း၊ ချေးယူငွေအနက် အတိုးအရင်းပေါင်း ယူရိုငွေ ၁ဝ၃ ဒသမ ၆၄ သန်း ပေးဆပ်ရန် ကျန်ရှိနေကြောင်း၊ အဆိုပါချေးငွေ အား ပြန်လည်ပေးဆပ်နေဆဲကာလ ဖြစ်သဖြင့် အကျိုး အမြတ်မရရှိသေးကြောင်း ဒုတိယဝန်ကြီးက ထည့်သွင်း ရှင်းလင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်၏ ပြည်သူ့ရဲတပ်ဖွဲ့များအား လုံလောက်သော လက်နက်ကိရိယာ များ၊ ဆက်သွယ်ရေးစက်များ၊ နည်းပညာများ၊ မော်တော်ယာဉ် စက်သုံးဆီများ၊ ယူနီဖောင်းများ၊ ရိက္ခာများ ဖြည့်တင်းဆောင် ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရဲတပ်ဖွဲ့တွင် အသုံးပြုသော ခေတ်မမီသည့်လက်နက်များအစား လက်ရှိ အခြေအနေနှင့် ကိုက်ညီသော ခေတ်မီမောင်းပြန်လက်နက် များ ပြောင်းလဲတပ်ဆင်ခြင်းနှင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များအား ခေတ်ကာလနှင့်အညီ ပြောင်းလဲတပ်ဆင် ပေးခြင်းတို့ကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ် ရဲတပ်ဖွဲ့များကိုလည်း ပြောင်းလဲတပ်ဆင်ပေးရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါ ကြောင်း။
၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ခရီးဝေးဆက်သွယ်ရေးစက် ၁ဝ၂ လုံးသာ တပ်ဆင်ပေးထားရာမှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ခရီးဝေးဆက်သွယ်ရေးစက် ၈၆၉ လုံးအထိ ဖြည့်တင်းပေး နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ခရီးတိုဆက်သွယ်ရေးစက် (အထိုင်စက်၊ လက်ကိုင်စက်) ၂၈၃၈ လုံးကိုလည်း ဖြည့်တင်းပေးနိုင်ခဲ့ ကြောင်း၊ လိုအပ်သည့် ဆက်သွယ်ရေးစက်များ ဆက်လက် ဖြည့်တင်းနိုင်ရေးအတွက် ဖွဲ့စည်းပုံလိုအပ်ချက်၏ ၁ဝ ရာခိုင်နှုန်း အား နှစ်စဉ်ဘဏ္ဍာငွေတင်ပြတောင်းခံလျက်ရှိရာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ဆက်သွယ် ရေးပစ္စည်းအမျိုးအစားပေါင်း ခုနစ်မျိုး စုစုပေါင်း ၈၁၆ စုံကို ဝယ်ယူဖြည့်တင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် လက်နက်နှင့် ဆက်စပ် ပစ္စည်းများ၊ ပေါက်ကွဲယမ်းပစ္စည်းများ၊ သေးငယ်သောပစ္စည်း များ၊ ငွေတုစသည်တို့ကို စစ်ဆေးသော စက်များအပါအဝင်Computer Forensic ၊ Network Forensic ၊ Video Forensicအမျိုးအစား ခုနစ်မျိုး စုစုပေါင်း ၁ဝ လုံးကို ဝယ်ယူဖြည့်တင်းခဲ့ပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် လက်ဗွေရာစနစ်၊ Social Forensic (မှုခင်းဆိုင်ရာ လူမှု ရေးဝက်ဆိုက်များ စစ်ဆေးသည့်ပစ္စည်း)၊ ပုံရိပ်အား လျင်မြန် စွာဖော်ထုတ်စစ်ဆေးပေးနိုင်သည့် Protable X-Ray စက်၊ လက်ကိုင်သုံး ပေါက်ကွဲပစ္စည်း အနံ့ခံစက် ၊Drone ပျံသန်းမှု ကိုရပ်တန့်ဖြုတ်ချနိုင်သည့်စက်၊ Video Pole Camera ၊ Bullet Catcher Collection Chamber စသည့် စက်ပစ္စည်းများကို ထပ်မံဝယ်ယူရန် စီစဉ်ထားပါကြောင်း။
တိုးမြှင့်သုံးစွဲ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ အိမ်ငှားစရိတ်နှုန်းထား အသစ်များ ပြင်ဆင်သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ၂ဝ၁ဝ ပြည့်နှစ်ထိ မော်တော် ယာဉ် ၁၈၄၄ စီးရှိခဲ့ပြီး ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ မော်တော်ယာဉ် ၂၆၄၈ စီး ထပ်မံဖြည့်တင်းနိုင်ခဲ့ပါကြောင်း၊ မော်တော်ယာဉ်များအတွက် စက်သုံးဆီကို ၂ဝ၁ဝ ပြည့်နှစ်တွင် တစ်လလျှင် ဂါလန် ၅ဝဝဝဝ ခန့်သာရရှိခဲ့ပြီး ယခုလက်ရှိတွင် တစ်လလျှင် ဂါလန် ၁၇၃၆ဝ၉ အထိ တိုးမြှင့်သုံးစွဲလျက်ရှိပါ ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင် များအတွက် ၂ဝ၁၄ ခုနှစ်မှစ၍ ၂ဝ၁၆ ခုနှစ်အထိ ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် ယူနီဖောင်းပိတ်စတစ်စုံ(ချုပ်ခအပါ)နှင့် အခြား ရဲဝတ်တန်ဆာများကို ဖြည့်ဆည်းပေးခဲ့သော်လည်း ၂ဝ၁၇ ခုနှစ်မှစ၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင် ယူနီဖောင်းပိတ်စနှစ်စုံ (ချုပ်ခအပါ)နှင့် အခြားရဲဝတ်တန်ဆာများကို တိုးမြှင့်ဖြည့်တင်း ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်များ၏ ရိက္ခာ ထောက်ပံ့ငွေကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ တစ်ဦး လျှင် တစ်ရက် ငွေကျပ် ၁၈ဝဝ နှုန်းအထိ တိုးမြှင့်ခံစားခွင့်ရရှိရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အမှုစုံစမ်းခြင်းဆိုင်ရာခရီးစရိတ်အဖြစ် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှစ၍ အမှုတစ်မှုလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းအထိ တိုးမြှင့်ခွင့်ပြုခဲ့ပါကြောင်း၊ တရားခံ သယ်ယူပို့ဆောင်ခအဖြစ် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှစ၍ အမှုကြီး တစ်မှုလျှင် ငွေကျပ် ၅ဝဝဝဝ နှုန်း၊ အခြားအမှု တစ်မှုလျှင် ငွေကျပ် ၃ဝဝဝဝ နှုန်း၊ ကြိုတင်ကာကွယ်မှု တစ်မှု လျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် ခွင့်ပြုခဲ့ပါကြောင်း။
အမှုဖြစ်ပွားသည့် အခြေအနေအပေါ်မူတည်၍ မြို့မ ရဲစခန်း တစ်ခုလျှင်အများဆုံး ငွေကျပ် ၁၈ သိန်းမှ အနည်းဆုံး ငွေကျပ်တစ်သိန်းအထိလည်းကောင်း၊ နယ်မြေရဲစခန်း တစ်ခု လျှင် အများဆုံးငွေကျပ်၁၂ သိန်းမှ အနည်းဆုံးငွေကျပ် သုံး သောင်းအထိလည်းကောင်း ကြိုတင်ဆောင်ငွေများ ခွဲဝေပေး ထားသဖြင့် စိုက်ထုတ်သုံးစွဲရန်မလိုအပ်ပါကြောင်း ဖြေကြား သည်။
ထို့ပြင် မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု၊ ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၊ သာစည် မဲဆန္ဒနယ်မှ ဦးသန်းစိုး၊ နတ်တလင်းမဲဆန္ဒနယ်မှ ဦးခင်အေး၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်နှင့် ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်တို့၏ ပြည်သူများလုံခြုံမှုအတွက် ရဲစခန်း သို့မဟုတ် ရဲကင်းများ ချထားပေးရေး၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး၊ အငယ်တန်းအင်ဂျင်နီယာ(၂) ရာထူးတိုးမြှင့်ပေးရေး၊ လျှပ်စစ် မီတာခကို ပြောင်းလဲသတ်မှတ်ရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့်ပတ်သက်သည့် ကန်ထရိုက်စာချုပ်ပါ အချက် အလက်များ ပွင့်လင်းမြင်သာစွာ ချပြရေးဆိုင်ရာ မေးခွန်း များကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ဖြေကြားခဲ့ကြသည်။
ထို့နောက် ဦးဝင်းမြင့်ဦး (ခ) ဦးနေမျိုး၊ ညောင်ရွှေ မဲဆန္ဒနယ်မှ တင်သွင်းထားသည့် ရှမ်းပြည်နယ် ညောင်ရွှေ မြို့နယ်ရှိ အင်းလေးကန်ကြီး ရေရှည်တည်တံ့ရေးအတွက် အစိုးရ၊ ပြည်သူအားလုံးပါဝင်သော စဉ်ဆက်မပြတ် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ချမှတ်ရန် ပြည်ထောင်စု အစိုးရ အားတိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တောင်ကြီး မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သန်းငွေ၊ ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၊ မိုးကုတ်မဲဆန္ဒနယ်မှ ဦးအောင်နိုင်(ခ) ဦးနိုင်ငံကျော်၊ လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချို၊ ဆိပ်ဖြူမဲဆန္ဒ နယ်မှ ဦးအောင်သိုက်၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စော၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးနှင့် ကလောမဲဆန္ဒနယ် မှ ဒေါ်ပြုံးကေသီနိုင်တို့က ဆွေးနွေးကြသည်။
အဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က အင်းလေးကန်ရေရည်တည်တံ့ရေး ထိန်းသိမ်းခြင်း လုပ် ငန်းများ ဆောင်ရွက်ရန် ဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၏ သဘောထားရယူပြီး စီမံကိန်း အဆိုပြုလွှာများခေါ်ယူ၍ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းလေးကန်ရေရှည် တည်တံ့ ရေးအတွက် ဥပဒေနှင့် နည်းဥပဒေ(မူကြမ်း)များ ပြဋ္ဌာန်းနိုင်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်သည့်ဌာနဆိုင် ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ သဘောထားရယူပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့် မည်ဖြစ်ကြောင်း ဆုံးဖြတ်သည်။
ထို့ပြင် ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီနှင့် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာများ ဖတ်ကြားတင်ပြခြင်းနှင့် '' တရားခံလွှဲပြောင်းရေး ဥပဒေ ကြမ်း'' အား လွှတ်တော်၏အဆုံးအဖြတ်ရယူ အတည်ပြုခြင်းတို့ ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ကျော်သူထက်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment