Tuesday, June 27, 2017

ရန်ကုန်တိုင်းဒေသကြီး၌ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး


Image may contain: sky and outdoor
ရန်ကုန် ဇွန် ၂၆
အကြိမ် (၃ဝ) မြောက် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့် မူးယစ် ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာ မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်း ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ယနေ့ မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများသည် ရန်ကုန် တိုင်းဒေသကြီးအပါအဝင် တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်၊ မွန်၊ ကရင်ပြည်နယ်၊ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့က ဖမ်းဆီးရမိပြီး တရားရုံးပြီးပြတ်ချက်ရရှိပြီးသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးသည့် မူးယစ် ဆေးဝါး ၂၅ မျိုး၏တန်ဖိုးမှာ ကာလပေါက်ဈေးအရ မြန်မာငွေကျပ် ၂၉၆ ဒသမ ၄ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၉၄ သန်းခန့်)ရှိကြောင်း၊ ယခု မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းမှာလည်း မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်မျိုးသားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကို ပြသခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်များကို ခြိမ်းေ
ခြာက်နေသော ဘေးအန္တရာယ်ဆိုးကြီးဖြစ်ခြင်းကြောင့် ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါး ပျံ့နှံ့မှုမရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ဧည့်သည်တော်များက မီးရှို့ဖျက်ဆီးမည့်မူးယစ်ဆေးဝါးများကို လေ့လာစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဖျက်ဆီးမည့်မူးယစ်ဆေးဝါး ဗျူပရီနော်ဖင်း (Buprenorphine)နှင့် ဖင်ဆီဒိုင်းပုလင်းများကို အုတ်ကန်အတွင်းသို့ ပစ်ပေါက်ဖျက်ဆီး၍လည်းကောင်း၊ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို စက်ခလုတ်နှိပ်ကာမီးရှို့၍လည်းကောင်း ဖျက်ဆီးခဲ့ကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပသော ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို နံနက် ၉ နာရီခွဲတွင် ကမာရွတ်မြို့နယ် ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်ဌေးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားသည်။
ဆက်လက်၍ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုကိုပြသကာ တက်ရောက်လာသူများက ဆုရရှိသူများ၏ ပြိုင်ပွဲဝင်လက်ရာများနှင့် မှတ်တမ်းဓာတ်ပုံပြပွဲများကို ကြည့်ရှုလေ့လာခဲ့သည်။
ပြိုင်ပွဲအသီးသီးတွင်ဆုရရှိသူများမှာ ဗဟိုအဆင့် ၃၇ ဆုနှင့် တိုင်းဒေသ ကြီး အဆင့် ၉၃ ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၁၂၅ ဦး၊ အလွတ်တန်း ငါးဦး ပေါင်း ၁၃ဝ နှင့် ဗဟိုအဆင့် အလွတ်တန်းပြိုင်ပွဲများတွင် ကိုးဦးတို့ ဆုရရှိခဲ့ကြသည်။
အခမ်းအနားများသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း ဗဟိုအဖွဲ့နာယက ဦးတင်လှိုင်၊ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ NGO အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ဆရာ ဆရာမများ၊ ပြိုင်ပွဲဝင်ဆုရ ကျောင်းသား ကျောင်းသူများနှင့် မိသားစုများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၃ဝဝ ခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment