နေပြည်တော် ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာ ဝင်းမြတ်အေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်း၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ၊ INGO၊ NGOများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး ကမ္ဘာ့လူသားထုတစ်ရပ်လုံးနှင့် နိုင်ငံအသီးသီးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၆၁ ခုနှစ် မူးယစ်ဆေးဝါးဆိုင်ရာကွန်ဗင်းရှင်း၊ ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာကွန်ဗင်းရှင်း၊ ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုး လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာကွန်ဗင်းရှင်းနှင့်အညီ နည်းဥပဒေများကိုလည်း ထုတ်ပြန်ခဲ့ပါကြောင်း။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၁၉၇၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ခေတ်စနစ်နှင့် လျော်ညီစေရန် (၆)ကြိမ်တိုင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ၁ဝ ဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများတွင် အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခဲ့ပါကြောင်း။
မူးယစ်ဆေးဝါးပပျောက်ရေး မဟာဗျူဟာ(၂)ရပ်ကို ချမှတ်ပြီး ၁၉၉၉- ၂ဝဝဝ ခုနှစ်မှ ၂ဝ၁၃ - ၂ဝ၁၄ ခုနှစ်အထိ (၁၅)နှစ် စီမံကိန်းကို ရှမ်း၊ ကချင်၊ ကယားနှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၅၁ မြို့နယ်၌ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် အထိ မူးယစ်ဆေးဝါးပပျောက်ရေး စတုတ္ထ(၅)နှစ် စီမံကိန်းကို တိုးချဲ့ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
၂ဝ၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် အမှုပေါင်း ၈၈ဝဝ ရှိခဲ့ပြီး မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏ မီးရှို့ ဖျက်ဆီးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၆၆ဝဝဝ ကျော်ဖြစ်ပါကြောင်း။
ဘိန်းစိုက်ပျိုးသည့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုဘဝမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသကဲ့သို့ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမြေဖော်ထုတ်ရေး၊ ရေနှင့်စွမ်းအင်ရရှိရေး၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ပေး ခြင်းနှင့် သာသနာရေးအဆောက်အအုံများ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အလားတူ ဒေသနှင့်ကိုက်ညီသည့် တစ်ပိုင်တစ်နိုင် သား၊ ငါးမွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစားထိုးသီးနှံ များ စိုက်ပျိုးနိုင်စေရန်လိုအပ်သည့် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် ဓာတုပစ္စည်းများအပေါ် သိုလှောင်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှု၊ ဖြန့်ဖြူးမှုတို့ကို နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လမ်းလွဲမရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း။
မူးယစ်ဆေးစွဲကုသရေးဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခု ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါးဆိုင်ရာ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးစွဲလူနာများအတွက် တစ်နေရာတည်း၌ ကုသရေးဝန်ဆောင်မှုအားလုံး ရရှိစေရန် ပြည်သူလူထုအခြေပြု One Stop Service လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးစခန်း ၁၂ ခုကို ဖွင့်လှစ် ထားရှိပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြားပေးခြင်းနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြင်ဆင်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ် ရေးမှူးအသင်းများ ဖွဲ့စည်း၍ နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းစေရန် ကျောင်းသားလူငယ်များကို မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ တိုက်ရိုက်အသိပညာပေးခြင်းနှင့် သွယ်ဝိုက်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ လူထုနှင့် ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာများ တိုက်ရိုက်ရောက်ရှိစေရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် ပတ်သက်သည့် သတင်း၊ တေးသီချင်းနှင့် ရုပ်မြင်သံကြားဇာတ်လမ်းများကို ဘာသာစကားမျိုးစုံဖြင့် ထုတ်လွှင့်ပေးလျက် ရှိပါကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများ၊ မဂ္ဂဇင်း၊ စာစောင်နှင့် ဂျာနယ်တို့မှလည်း ပညာပေးဇာတ်လမ်းများ၊ ဆောင်းပါးများနှင့် ကာတွန်းများထည့်သွင်းဖော်ပြ အသိပညာပေးလျက်ရှိပါကြောင်း။
ဒေသတွင်းနိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး သဘောတူစာချုပ်များကို လက်မှတ် ရေးထိုးကာ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများအပါအဝင် ကုလသမဂ္ဂနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါကြောင်း။
မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် ၂ဝ၁၆ ခုနှစ် အကြိမ်(၃ဝ) မြောက် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူးအစည်းအဝေး၏ အကြံပြုချက်များနှင့်အညီ ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် ပြည်သူ့ ကျန်းမာရေးနှင့်ဖွံ့ဖြိုးမှုကို ရှေးရှုသော မူဝါဒသစ်တစ်ရပ်ကိုလည်း အခြေခံ လူ့အခွင့်အရေးများနှင့်အညီ Road Map ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးနှင့် ထုတ်လုပ်မှုလျှော့ချရေးလုပ်ငန်း စဉ်များကို အထောက်အကူဖြစ်စေရန် မူးယစ်ဆေးဝါးသုံးစွဲမှုစစ်တမ်းတစ်ခု ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် UNODC ၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မြို့နယ်အဆင့်တွင် ဆောင်ရွက်နိုင်သည့် CBT (Community Base Treatment) စီမံချက်တစ်ခုကို ရေးဆွဲလျက်ရှိသကဲ့သို့ ထိရောက်သည့်ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် နည်းပြဆရာ သင်တန်းများကိုလည်း စတင်ဖွင့်လှစ်ပို့ချနေပြီဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ကိန်းဂဏန်းများထက် လူ့အဖွဲ့အစည်းတစ်ခု၊ လူ့အသိုင်းအဝိုင်းတစ်ခုအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့်မှုခင်းများ၊ အန္တရာယ်များနှင့် ကြောက်ရွံ့မှုများ မည်မျှထိလျှော့ချနိုင်သည်ဆိုသည့် Index များနှင့် တိုင်းတာသွားမှသာလျှင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်သော စိတ်ချလုံခြုံပျော်ရွှင်သည့် လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။
စီမံကိန်းများနှင့်လုပ်ငန်းစဉ်များ ရေးဆွဲသည့်အခါ လိုအပ်သည့် လေ့လာ ဆန်းစစ်မှုနှင့် အခြေခံအချက်အလက်စုဆောင်းမှုများကို စနစ်တကျဆောင် ရွက်ပြီး ပြဿနာ၏အရင်းအမြစ်ကို လက်တွေ့ကျကျဖြေလျှော့နိုင်သည့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်မှသာ မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာတွင် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြစ်မှုတရားစီရင်ရေးစသည့် အကြောင်း အရာများပါဝင် ရှုပ်ထွေးသောသဘောရှိသည့်အတွက် ဘက်ပေါင်းစုံပါဝင်သည့် ချဉ်းကပ်မှုမျိုးဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးပါ ကြောင်း၊ အဖွဲ့အစည်းတစ်ခုချင်းစီမှသည် လူတစ်ဦး တစ်ယောက်ချင်းစီအထိ ကိုယ်စီတာဝန်ရှိသည်ဆိုသည့်အသိဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း။
ယနေ့အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် ''Listen FIRST'' ဆိုသည့်အတိုင်း မိသားစုတိုင်းအနေဖြင့် မိမိတို့ကလေးသူငယ်များ၏ ခံစားချက်များကို ဦးစွာနားထောင်ပေးပြီး ကလေးများ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးတို့အတွက် ကိုယ်စီတာဝန်ရှိသည်ဆိုသည့် အသိဖြင့် စီမံဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ထို့နောက် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ UNODC ဌာနေကိုယ်စားလှယ် Mr. Jeremy Douglas က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံနှင့် ကွန်ပျူတာ ပိုစတာပြိုင်ပွဲများတွင် ပထမဆုရရှိသူ ခြောက်ဦးအား ဆုများပေးအပ်သည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြခန်းများကို လှည့်လည် ကြည့်ရှုသည်။
၁၉၈၇ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန် ၂၆ ရက်ကို ကမ္ဘာ့မူးယစ်ဆေးဝါးနေ့အဖြစ်သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံတွင် အဆိုပါ အခမ်းအနားများ ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် အကြိမ်(၃ဝ)ရှိပြီဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံနှင့် ကွန်ပျူတာပိုစတာ အလွတ်တန်းပြိုင်ပွဲများတွင် ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများနှင့် မူလတန်း၊ အလယ်တန်း နှင့် အထက်တန်းအဆင့် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအပါအဝင် ဆောင်ပုဒ်ပြိုင်ပွဲဆုရသူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပ သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားများတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment