Thursday, June 1, 2017

ငါးနိုင်ငံ ဓမ္မခရီးစဉ်ကြွချီလာသော သံဃာတော် ၇ ပါးအား မြဝတီမြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူ

Image may contain: 8 people, crowd and outdoor
မြဝတီ မေ ၃၁
မဲခေါင်မြစ်ဝှမ်းဒေသတစ်လျှောက် သုဝဏ္ဏဘူမိဆိုင်ရာ ငါးနိုင်ငံရှိ ဗုဒ္ဓ ဘာသာကို မဏ္ဍိုင်ပြု၍ ညှိနှိုင်းပေါင်းစပ်ကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့စည်း ထားသော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှ ရဟန်းတော်များ၊ သမိုင်းပညာရှင်များနှင့် မီဒီယာများပါဝင်သည့် လေ့လာရေး အဖွဲ့သည် မဲခေါင်မြစ်ဝှမ်းဒေသတစ်လျှောက် ငါးနိုင်ငံသို့ ဓမ္မခရီးစဉ်ကြွချီလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြဝတီမြို့သို့ ရောက်ရှိခဲ့ကာ ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။
အဆိုပါ ငါးပြည်ထောင်စုဓမ္မခရီးစဉ်အဖွဲ့ ဆရာတော်၊ သံဃာတော်များသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာစူထားနှင့် ထိုင်းဌာနဆိုင်ရာများလိုက်ပါလျက် အမှတ်(၁) ချစ်ကြည်ရေးတံတားအလယ်သို့ ကြွချီလာရာ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက ခရီးဦးကြိုဆိုခဲ့ပြီး မြဝတီမြို့ ညဈေးရှေ့မှစ၍ ရွှေမြင်းဝန်စေတီတော်ကြီးအရှေ့မုခ်ဝအထိ ဘုရင့်နောင် လမ်းမကြီးတစ်လျှောက်တွင် စေတနာရှင်ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လောင်းလှူကြသည်။
ထို့နောက် ငါးပြည်ထောင်စုဓမ္မခရီးစဉ်အဖွဲ့ ဆရာတော်၊ သံဃာတော် များသည် ရွှေမြင်းဝန်စေတီတော်ကြီးရှိ သာသနာ့ဟိတကာရီဗိမာန်တော်သို့ ကြွရောက်ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားပြုလုပ်ရာ ကရင်ပြည်နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ပညာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ငါးနိုင်ငံဆရာတော်များထံ ဗုဒ္ဓရုပ်ပွားတော်များ ဆက်ကပ်လှူဒါန်းခြင်း၊ ငါးနိုင်ငံဓမ္မအဖွဲ့ခေါင်းဆောင် များထံ ယွန်းအုပ်များ အမှတ်တရပေးအပ်ခြင်း၊ ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုများဆက်ကပ်ခြင်း၊ ကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ နာဂဒီပထံမှ ရေစက်ချတရားတော်များ နာယူ ခြင်းများ ဆောင်ရွက်ကြပြီး ဆရာတော်၊ သံဃာတော်များအား တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်ပြီး ဆရာတော်၊ သံဃာတော်များသည် မြဝတီမြို့၊ ရွှေတိဂုံပုံတူ မဟာကနကရွှေစေတီတော်သို့ ကြွရောက်ပြီး စေတီတော်ပရိဝုဏ်၌ ဗောဓိ ညောင်ပင်အား စိုက်ပျိုးပေးခဲ့သည်။
အဆိုပါ ငါးနိုင်ငံ ဓမ္မခရီးစဉ်အဖွဲ့တွင် မြန်မာနိုင်ငံ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများမှ စုစုပေါင်း သံဃာတော် ၇၈ ပါးပါဝင်ခဲ့ပြီး ကျိုက်ထီးရိုးစေတီတော်သို့ ဖူးမြော်ရန် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment