နေပြည်တော် မေ ၃၁
မေ ၃ဝ ရက်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း မိုရာကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်အချို့ တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ ရသေ့တောင်၊ ပေါက်တော၊ သံတွဲနှင့် မောင်တော မြို့နယ်တို့၌ လုံးဝပျက်စီးခဲ့သည့် အိမ် ၁၆၃ လုံး ရှိခဲ့ပြီး အနည်းငယ်ပျက်စီးသည့် အိမ် ၇၇၆ လုံး ရှိကြောင်း သိရသည်။ ဘာသာရေးအဆောက်အုံ သုံးလုံးပျက်စီးခဲ့ပြီး အလုံး ၂ဝ မှာ အနည်းငယ်ပျက်စီး ခဲ့သည်။ ထို့အပြင် ရုံးအဆောက်အအုံ ၁၇ လုံး၊ ဝန်ထမ်းအိမ်ရာ ငါးလုံး၊ ဆေးရုံ လေးရုံ၊ စာသင်ကျောင်း ၆၇ ကျောင်း၊ IDP စခန်း ငါးခုတို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် မော်လမြိုင်ကျွန်း၊ ဖျာပုံနှင့် ငပုတောမြို့နယ် တို့၌ အိမ် ၂၂ လုံး လုံးဝပျက်စီးခဲ့ပြီး အနည်းငယ်ပျက်စီးခဲ့သည့် အိမ် ၁၄ လုံးရှိကြောင်း သိရသည်။
ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်နှင့် ဖလန်းမြို့နယ်တို့၌ အိမ် တစ်လုံး လုံးဝပျက်စီးခဲ့ပြီး ၅၂ လုံးမှာ အနည်းငယ်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဘာသာရေးအဆောက်အအုံ သုံးလုံးအနည်းငယ်ပျက်စီးခဲ့ပြီး ဝန်ထမ်း အိမ်ရာ ငါးလုံးနှင့် ဆေးရုံတစ်လုံး၊ စာသင်ကျောင်း သုံးလုံး ပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။
(ကြေးမုံ)
No comments:
Post a Comment