Thursday, June 1, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အကြိမ်(၇ဝ)မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံသို့ တက်ရောက်

Image may contain: 7 people, people sitting
နေပြည်တော် မေ ၃၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မေ ၂၃ ရက် နံနက် ပိုင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂဌာနချုပ်ရှိ Palais des Nations ၌ကျင်းပသည့် အကြိမ်(၇ဝ)မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့သည်။ ညနေပိုင်းတွင် Palais des Nations ခန်းမ၌ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရွေးချယ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ညီလာခံသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင် ၁၉၄ နိုင်ငံအနက် မဲပေးပိုင်ခွင့်ရှိသည့် ၁၈၆ နိုင်ငံမှ ကျန်းမာ ရေးဝန်ကြီးများနှင့် တာဝန်ရှိသူတစ်ဦးစီမှ မဲပေးရွေးချယ် ခဲ့ပြီး အနိုင်ရရှိခဲ့သည့် အီသီယိုးပီးယားနိုင်ငံမှ Dr. Tedros Adanom Ghebreyesus အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်အသစ်အဖြစ် ရွေးချယ်တင်မြှောက် ခဲ့သည်။
ညွှန်ကြားရေးမှူးချုပ်အသစ်အား ဂုဏ်ပြုနှုတ်ဆက် စကားများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဒေသကြီး ခြောက်ခုမှ ကိုယ်စားလှယ်တစ်ဦးစီက ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ချုပ်အသစ် Dr. Tedros Adanom Ghebreyesus က မိန့်ခွန်းပြောကြားခဲ့သည်။
မေ ၂၃ ရက် နံနက် ၁၁ နာရီတွင် ဂျီနီဗာမြို့ Inter Continental Hotel တွင် GE Health Care မှ CEO၊ Mr. John Flannery နှင့်အဖွဲ့အားတွေ့ဆုံ၍ ရောဂါ ရှာဖွေရေးနှင့် ကုသရေး၊ အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများအတွက် လူ့စွမ်းအား အရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင် အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Poonam Khetrapal Singh နှင့် တွေ့ဆုံဆွေးနွေးသည်။
မေ ၂၄ ရက် နံနက်ပိုင်းက ကော်မတီ A အစည်း အဝေးခန်းမ နားနေဆောင်၌ Asia - Pacific Leaders of Malaria Alliance အဖွဲ့မှ Executive Director၊ Dr. Benjamin Rolfe နှင့်တွေ့ဆုံ၍ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၁ဝ ရက်အထိ မြန်မာနိုင်ငံ နေပြည် တော်တွင် APLMA အဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေး ပြုလုပ်နိုင်ရေး၊ အဓိကထည့်သွင်းဆွေးနွေးမည့် အကြောင်းအရာများနှင့် သက်ဆိုင်ရာနိုင်ငံများမှ ဝန်ကြီး များအား ဖိတ်ကြားနိုင်ရေး၊ ဇွန်လ နောက်ဆုံးပတ်အတွင်း သြစတြေးလျ ပါလီမန်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် တွေ့ဆုံဆွေးနွေးနိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
ယင်းနောက် Global Fund မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရန်ပုံငွေရရှိခွဲဝေသုံးစွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ တီဘီရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းအား ပိုမိုအလေး ပေးဆောင်ရွက်ရေးကိစ္စရပ်များ၊ သတ်မှတ်ချိန်အတွင်း ရန်ပုံငွေများ အကျိုးရှိရှိအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းများ ပြီးမြောက်စွာဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးသည်။
ယင်းနောက် ကော်မတီ A အစည်းအဝေးခန်းရှိ Room (23) တွင် Scaling Up Nutrition (SUN) Movement Secretariat မှ Director? Ms. Florence Lasbennes နှင့်အဖွဲ့အား တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံ Parliamentary Vice-Minister of Health , Labour and Welfare မှ Mr. Seishi Baba နှင့်အဖွဲ့အား တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးသည်။
ထို့နောက် Restaurant Vieux Bois တွင် ကျင်းပသည့် Anti Microbial Resistance (AMR) ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ Lunch on Meeting သို့ တက်ရောက်ခဲ့သည်။
ထို့နောက် Palais des Nations အောက်ရှိ နားနေဆောင်၌ UICC မှ CEO? Dr. Cary Adams နှင့် C / Can 2025 မှ Dr. Sue Henshall တို့နှင့်တွေ့ဆုံ၍ ရန်ကုန်မြို့အား ကင်ဆာရောဂါကာကွယ်ကုသရေး အထူး စီမံချက်ဝင် မြို့ကြီးတစ်မြို့အဖြစ် City Cancer Control Project ၌ထည့်သွင်းထားပြီး အရှေ့တောင်အာရှနိုင်ငံများအတွင်း ပထမဆုံးပါဝင်ခွင့်ရသည့် မြို့ကြီးတစ်မြို့အဖြစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများပါဝင်သည့် အစည်းအဝေးအား ရန်ကုန်မြို့တွင် ၂ဝ၁၇ ဇူလိုင်လအတွင်း ကျင်းပရန် လျာထားချက်အပေါ် ဆွေးနွေးကြသည်။
ထို့နောက် IAEA/ WHO/ IARC အုပ်စုမှ တာဝန် ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ ကာကွယ်ကုသရေးအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ စက်များ ကိုင်တွယ်အသုံးပြုသူ များနှင့် ပတ်ဝန်းကျင်ရှိလူနာများ ဓာတ်ရောင်ခြည်သင့်မှုမှ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ လိုအပ် လျက်ရှိသည့် စက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရေး ကိစ္စရပ်များ၊ ကင်ဆာရောဂါကာကွယ်ကုသရေး နည်းဗျူဟာစီမံချက် အချောသပ်အကောင်အထည်ဖော်ဆောင် ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးကြသည်။
ထို့နောက် Adagio Apathol Hotel ၌ Foundation Merieux မှ DG၊ Mr. Beroit Miribel နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့တွင် BSL 3 အဆင့်ရှိ ဓာတ်ခွဲခန်းများနှင့် အခြားဓာတ်ခွဲခန်းများ ကွန်ရက်စနစ်ထားရှိ အကောင်အထည်ဖော်နိုင်ရေးနှင့် အမျိုးသားကျန်းမာရေး၊ ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရေး ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးသည်။
မေ ၂၅ ရက် ညနေပိုင်းတွင် ကော်မတီ(A) အစည်း အဝေးခန်းမရှိ သီးခြားအစည်းအဝေးခန်းမတွင် Nippon Foundation မှ ဥက္ကဋ္ဌ Mr. Sasakawa နှင့်အဖွဲ့အား တွေ့ဆုံဆွေးနွေးကြသည်။
ထို့နောက် ဂျီနီဗာမြို့ Novotel Hotel ၌ Biomerieux မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ Anti Microbial Resistance လုပ်ငန်းများ ပီပြင်စွာဆောင်ရွက်နိုင်ရန် Point Prevalence Survey for Antibiotic ပြုလုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် နည်းပညာဆိုင်ရာ ကူညီထောက်ပံ့ နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment