Thursday, June 29, 2017

နန်စီပွန်ဒေသ တရားမဝင် ကျောက်မျက်ရှာဖွေသူများအားရှင်းလင်းဖယ်ရှားနိုင်ရေးအဆို မဲခွဲဆုံးဖြတ်ချက်ဖြင့် လက်မခံ

Image may contain: one or more people, sky and outdoor
မုံရွာ ဇွန် ၂၈
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနိုင်ဇင်သက် က ခန္တီးမြို့နယ် နန်စီပွန်ဒေသကိစ္စနှင့် ပတ်သက်သော အဆိုကို ဇွန် ၂၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းပြီး လွှတ်တော်က လက်ခံဆွေးနွေးရန်သင့်၊ မသင့်ကို မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ ၆၇ မဲ၊ ထောက်ခံမဲ ၂၃ မဲ၊ ကြားနေမဲ သုံးမဲ ရရှိသဖြင့် အဆိုကို လွှတ်တော်က လက်မခံကြောင်း ဆုံးဖြတ်သည်။
ခန္တီးခရိုင် ခန္တီးမြို့နယ် နန်စီပွန်ဒေသရှိ တရားမဝင်ကျောက်မျက် ရှာဖွေသူများအား ထိရောက်စွာရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် အဆိုပါဒေသကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ(၁၄၄)အရ တားမြစ်မိန့်ထုတ်ပြန်ရန် တိုက်တွန်းကြောင်း အဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး နိုင်ဇင်သက်က လွှတ်တော်သို့တင်သွင်းရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက အဆို နှင့်စပ်လျဉ်း၍လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူရာ ခန္တီးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက စတင်ကန့်ကွက်ရာ ဆန္ဒမဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
''လက်ရှိခန္တီးမြို့နယ် နန်စီပွန်ဒေသမှာ ပုဒ်မ(၁၄၃)ထုတ်ထားတာ၊ ပုဒ်မ (၁၄၄)ထုတ်ဖို့မလိုအပ်ပါဘူး။ ပုဒ်မ(၁၄၄)ထုတ်လိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်တဲ့အတွက် မလိုအပ်ဘူးလို့ဆုံးဖြတ်ပြီး ဒီအဆိုကိုကန့် ကွက်တာပါ။ ပုဒ်မ(၁၄၃)ထုတ်ထားတာတောင် အသေအပျောက်တွေရှိနေတာ ပုဒ်မ(၁၄၄)ထုတ်ရင် ပိုဆိုးလာမှာ စိုးရိမ်စရာပါ''ဟု ခန္တီးမြို့နယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောကြားသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment