Thursday, June 29, 2017

သရုပ်ဆောင်အဖြစ် ဆက်တိုက်မြင်တွေ့လာရတဲ့ အလှမယ် မေဘရဏီသော်

Image may contain: 1 person, smiling, standing
အမေရိကန်နိုင်ငံတွင်ကျင်းပခဲ့သော ၂ဝ၁၅ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် မေဘရဏီသော်ကို ယခုအခါ ဇာတ်ကားများတွင် သရုပ်ဆောင်တစ်ယောက်အဖြစ် ဆက်တိုက်ဆိုသလို မြင်တွေ့နေရသည်။ တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် ပြည်ထောင်စုသစ္စာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် တစ်ကားပြီးတစ်ကား ဆက်ကာ ဇာတ်ကားရိုက်ကူးမှုများ ပြုလုပ်လာရခြင်းဖြစ်သည်။ မေဘရဏီသော်နှင့် ဆက်သွယ်မေးမြန်းထားမှုများကို ကြေးမုံပရိသတ်အတွက် မျှဝေလိုက်ရပါသည်…
လတ်တလော အနုပညာလှုပ်ရှားမှု
လတ်တလော အနုပညာလှုပ်ရှားမှုကတော့ ဇာတ်လမ်းတွဲရိုက်တာ ပြီးသွားပြီ။ ဇာတ်လမ်းတွဲအမည်က ''ပန်းတစ်ပွင့်စီးချင်း''ပါ။ ဒါရိုက်တာက ကိုမင်းခိုက်စိုးစံပါ။ ကျွန်မ နဲ့အတူ ပိုင်ဖြိုးသု၊ ထက်ကိုကိုလင်း၊ စိုးရန်အောင်၊ ဇွဲပြည့်တို့က သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ လွှင့်မှာကတော့MRTVကနေ အောက်တိုဘာလလောက်မှာ လွှင့်မှာပါ။ နောက်ပိုင်းတော့ ရှိုးပွဲတွေလျှောက်ဖြစ်တယ်။ ကြော်ငြာဓာတ်ပုံတွေလည်း ရိုက်ဖြစ်တယ်။ နောက်ထပ် ဇာတ်လမ်းတွဲတွေရိုက်ဖို့ ကမ်းလှမ်းထားတာလည်း ရှိပါတယ်။ ဒါပေမယ့် အခုထိတော့ ရိုက်ဖြစ်၊ မဖြစ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။
''ပန်းတစ်ပွင့်စီးချင်း'' မှာဘယ်လိုနေရာက ပါဝင်သရုပ်ဆောင်ထားလဲ
ဇာတ်လမ်းတွဲအနေနဲ့ ကျွန်မပထမဆုံး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ရှေ့နေမလေးတစ်ယောက်အဖြစ်နဲ့ သရုပ်ဆောင်ထားတာပါ။ တရားလိုနဲ့ တရားပြိုင် ရှေ့နေတို့အားပြိုင်တဲ့ ဇာတ်လမ်းမျိုးပါ။ အဓိကကတော့ ကျွန်မအတွက် အများကြီးသင်ယူလေ့လာခွင့်ရခဲ့တဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။
တခြားရိုက်ကူးဖြစ်တာတွေကရော
မြဝတီမြို့မှာ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီ ကားမှာ ကိုဝေဠုကျော်၊ မအေးမြတ်သူ၊ ကိုသူထူးစံ၊ မြန်မာအိုင်ဒေါက ဇင်ကြီးတို့ ပါပါတယ်။ ပါဝင်သရုပ်ဆောင်ရတဲ့ အခန်းကနည်းပေမယ့် ရုပ်ရှင်ကားကြီးဆိုတော့ ကိုယ့်အတွက် အတွေ့အကြုံရအောင် ပါဝင်ဖြစ်တာပါ။ နောက် ကျိုက်ထိုမှာတော့ MEC-Tel ကြော်ငြာ ရိုက်ဖြစ်ပါတယ်။ ရိုက်တဲ့နေရာက စိမ်းလဲ့တင်ဆိုတော့ ပျော်စရာကောင်းတဲ့ ကစားပွဲ တွေလည်း လုပ်ခဲ့ပါသေးတယ်။
ဇာတ်ကားတွေများလာတော့ ရိုက်ကွင်းအတွေ့အကြုံပိုရမှာပေါ့
အရင်ကထက်စာရင် ပိုပြီးပညာတွေရလာတယ်။ ပထမဆုံးရိုက်တုန်းကဆိုရင် ကိုယ်ပြော ရမယ့်စကားတွေကိုတောင် မနည်းဖတ်ရတယ်။ ကင်မရာရှေ့မှာလည်း မနေတတ်ဘူး၊ ဒိုင်ယာလော့ပြောရင်လည်း အကြာကြီးဖြစ်နေတယ်။ အခုနောက်ပိုင်းမှာတော့ အဆင်ပြေ လာတယ်။ အတွေ့အကြုံရလာတာလည်း ပါတာပေါ့။ သင်ပေးတဲ့သူတွေလည်း အများကြီး တွေ့ရတယ်။ တော်တော်လေးအဆင်ပြေလာတယ်လို့ ပြောလို့ရပါတယ်။
လက်ရှိမိုးတွင်းကာလကို နှစ်သက်လား
မိုးရာသီကာလဆိုတော့ မိုးရွာရင်ပျော်တယ်။ အေးအေးချမ်းချမ်းရှိတော့ ကောင်းပါတယ်။ ဒါပေမယ့် မိုးရာသီ အပြင်သွားရင် ရေတွေစိုတယ်။ အဲဒါတော့ သိပ်မကြိုက်ဘူး။ နောက်မိုးရာသီမှာ အပြင်သွားရင် ထီးတော့အမြဲဆောင်ထားတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်တဲ့သူတွေ မအောင်မြင်တဲ့သူတွေအတွက် စကားလက်ဆောင်
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့ သူတွေအားလုံးကို ဝမ်းမြောက် ဂုဏ်ယူပါတယ်။ Congratulations ပါလို့ ပြောချင်ပါတယ်။ ကျွန်မတုန်းက လည်း အောင်စာရင်းမထွက်ခင်မှာ အရမ်းရင်ခုန်ရတယ်။ ဘယ်လိုလဲဆိုတော့ ကိုယ့်အတွက် ရလဒ်ကောင်း ထွက်၊ မထွက်၊ အောင်ပါ့မလားဆိုပြီး စိတ်ပူမှု တွေကရှိတယ်။ ညဘက်ဆိုလည်း အိပ်မပျော်ဘူး။ ဒါပေမယ့် အောင်စာရင်း ထွက်တဲ့အချိန်မှာ အောင်တယ်ဆိုတော့ တော်တော်လေးစိတ်သက်သာ သွားတယ်။ ပျော်လည်း ပျော်သွားတယ်။ ဒီနှစ်မှာ မအောင်မြင်တဲ့ သူတွေအတွက်လည်း စိတ်ဓာတ်မကျဖို့ ပြောချင်ပါတယ်။ ကိုယ့်အနေ နဲ့လည်း ထပ်ပြီးကြိုးစားဖို့အတွက် အခွင့်အရေးရတယ်လို့ပဲမှတ်ယူစေချင်တယ်။ ဒီတစ်ခါ ကျရှုံးရင် သင်ခန်းစာယူပြီး နောက်တစ်ခါမှာ ဒီထက်ကောင်းတဲ့ ရလဒ်တစ်ခုရလာဖို့အတွက် ကြိုးစားခွင့်ရလာ တာဖြစ်တယ်လို့ ပြောချင်ပါတယ်။
အနုပညာအလုပ်တွေ ဘယ်လိုဆက်ပြီးလုပ်ဆောင်ဖြစ်မလဲ
ဇွန်လကုန်ခါနီးရင်တော့ အမျိုးသမီးရေးရာပွဲမှာ ရှိုးလျှောက်ဖို့ ရှိပါတယ်။ ဇွန်လ ၂၈၊ ၂၉၊ ၃ဝ ရက်တွေမှာ လုပ်မယ့်ပွဲမှာပါ။ အနုပညာအလုပ်တွေတတ်နိုင်သလောက် ဆက်ပြီးလုပ်သွားမှာပါ။ ပရိသတ်တွေအားပေးရကျိုးနပ်အောင် ဆက်ပြီးကြိုးစားသွားမှာပါ။
(မင်းလှသား)

No comments:

Post a Comment