Thursday, June 29, 2017

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအိမ်ရှင်မြန်မာ ဂိုးပြတ်အနိုင်ရ

Image may contain: 2 people, people smiling, people playing sports and outdoor
ရန်ကုန် ဇွန် ၂၈
ဆီးဂိမ်းပြိုင်ပွဲအကြို KBZ Bank Cupလေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ မြန်မာအသင်း နှင့် ဂျပန်တက္ကသိုလ်အသင်းတို့ အနိုင်ရခဲ့သည်။
မြန်မာယူ-၂၂ လေးဂိုး
ကမ္ဘောဒီးယားယူ-၂၂ တစ်ဂိုး
ကမ္ဘောဒီးယားကို ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် အိမ်ရှင်မြန်မာယူ -၂၂ အသင်း၏ အဖွင့်လှခဲ့ပြီး ယုံကြည်မှု ရှိစေခဲ့သည်။ MNL All-starအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲထက် မြန်မာယူ-၂၂ အသင်း ကစားပုံ ပိုကောင်းလာပြီး တိုက်စစ်မှူးအောင်သူ၏ ခြေစွမ်းပြမှုဖြင့်ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၂၂အသင်း သည်ယခုပွဲတွင် အနိုင်ရခဲ့သောကြောင့် ယခုပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန်မျှော်လင့်ချက်ပိုကောင်းသွားခဲ့သည်။
မြန်မာယူ-၂၂ အသင်းသည် MNL All-star အသင်းနှင့်ပွဲထွက်လူစာရင်းကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဘုန်းသစ္စာမင်း၊ နန်းဝေမင်း၊ ထိုက်ထိုက်အောင်၊ သီဟထက်အောင်၊ ဟိန်းသီဟဇော်၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ စည်သူအောင်၊ သန်းပိုင်၊ အောင်သူတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာယူ-၂၂ အသင်း တိုက်စစ်ကိုအောင်သူက ဦးဆောင်ခဲ့ပြီး ကမ္ဘောဒီးယားနောက်တန်းငကို အချိန်ပြည့်ခြိမ်းခြောက်နိုင်ခဲ့သည်။ တိုက်စစ်မှူးသန်းပိုင်သည် ၁၅မိနစ်အတွင်း ဂိုးရနိုင်သည့် အပိုင်အခွင့်အရေးနှစ်ကြိမ်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ ၁၇ မိနစ်တွင် မြန်မာအသင်းအဖွင့်ဂိုးရခဲ့ပြီး ပြစ်ဒဏ်ဘောကို လှိုင်းဘိုဘိုက တိုက်ရိုက်ကန်မသွင်းဘဲ ဖန်တီးပေးခဲ့ရာ အောင်သူက ကမ္ဘောဒီးယားနောက်ခံလူများကို ကျော်ဖြတ်ပြီး ကန်သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း ပိုဖိကစားသွားနိုင်ခဲ့ပြီး ကမ္ဘောဒီးယားအသင်းက တန်ပြန်တိုက်စစ်ဖြင့်သာ ကစားခဲ့သည်။ ၄၁ မိနစ်တွင် မြန်မာအသင်း ဒုတိယဂိုးရခဲ့ပြီး အောင်သူက သွင်းယူခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းအစတွင် မြန်မာအသင်းက သန်းပိုင်အစား ရန်ပိုင်စိုးကို ထည့်သွင်းကစားခဲ့သည်။ ၄၆ မိနစ်တွင် ကမ္ဘောဒီးယားအသင်းချေပဂိုးပြန်ရခဲ့ပြီး ရီချန်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယား အသင်းသည်ချေပဂိုး ပြန်ရခဲ့သော်လည်း မြန်မာအသင်းကို အသာရအောင်မကစားနိုင်ခဲ့ဘဲ ဂိုးထပ်ပေးခဲ့ရသည်။ ၆၃ မိနစ်တွင် မြန်မာအသင်း တတိယဂိုးရခဲ့ပြီး မောင်မောင်လွင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၂၂ အသင်းအတွက် စတုတ္ထဂိုးကို ၆၆ မိနစ်တွင် အသင်းခေါင်းဆောင် စည်သူအောင်က အဝေးမှကန်သွင်းယူခဲ့သည်။
ညနေ ၃ နာရီက ကျင်းပသော ပထမပွဲတွင် ဂျပန်တက္ကသိုလ်အသင်းက ဟောင်ကောင်ယူ-၂၂ အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဂျပန်တက္ကသိုလ်အသင်းသည် ပထမပိုင်းကတည်းက နှစ်ဂိုးစလုံးသွင်းယူခဲ့ပြီး ၁၃ မိနစ်တွင် အီဆာကာက မိနစ်၂ဝ တွင် အူကီတာတို့က သွင်းယူခဲ့သည်။
ဒုတိယနေ့ကို ဇွန် ၃ဝ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီ၌ ကမ္ဘောဒီးယားယူ-၂၂ အသင်းနှင့် ဂျပန်တက္ကသိုလ်အသင်း၊ ညနေ ၆ နာရီ၌ မြန်မာယူ-၂၂ အသင်းနှင့် ဟောင်ကောင်ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ- စိုးညွှန့်

No comments:

Post a Comment