Sunday, June 25, 2017

ဗြိတိန် ခွဲထွက်မှု အီးယူ ကွဲအက်မှုလော

Image may contain: 1 person, stripes, sky and closeup
ကိုရင်သြ
ယခုရက်သတ္တပတ်အတွင်း ဥရောပတိုက် တစ်လွှား လှုပ်ခတ်သွားရသည့် ဖြစ်စဉ် တစ်ရပ်မှာ ဥရောပ ၂၈ နိုင်ငံတို့မှ ခေါင်း ဆောင်ကြီးများ၏ ထိပ်သီးဆွေးနွေးပွဲဖြစ် သည်။ ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင် ၂၈ နိုင်ငံတို့မှ ခေါင်းဆောင်များသည် ဘယ်လ် ဂျီယံနိုင်ငံ ဘရပ်ဆယ်မြို့၌ တွေ့ဆုံဆွေးနွေး
ခဲ့ကြရာတွင် အများက ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်ခဲ့ကြရသည့် အကြောင်းခြင်းရာ တစ်ရပ်သည်ကား အီးယူမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပေးအယူ၊ အညှိအနှိုင်း မည်သို့ပြုလုပ်ကြလေမည်နည်းဟူသော ပုစ္ဆာတစ်ရပ်ပင် ဖြစ်လေ၏။
အီးယူနိုင်ငံများမှ နိုင်ငံသားများကို ဖမ်း စားနေသည့် လှုပ်ခတ်မှုတစ်ခုမှာ ဥရောပ သမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး(ခွဲရေး) လုပ် ငန်းစဉ်အပြီးတွင် ယင်းနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ပေးမည့် အစီအမံ များကို ဗြိတိန်နိုင်ငံက မည်ကဲ့သို့ ချမှတ် ဆောင်ရွက်ပေးနိုင်ပါမည်နည်း ဟူသော ငံ့လင့်ချက်ပါပေတည်း။
ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေက အီးယူ ထိပ်သီးဆွေးနွေးပွဲတွင် မည်သို့မည်ညာ ပြောကြားလာပါအံ့နည်းဟု အားလုံးက စေ့ငုလိုကြပေသည်။
အီးယူမှ ဗြိတိန် ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်၍ စေ့စပ်ဆွေးနွေးမှုကို ဇွန် ၁၉ ရက်တွင် စတင်ခဲ့ပြီဖြစ်ရာ ဥရောပခေါင်း ဆောင်များကတစ်ဖက်၊ ဝန်ကြီးချုပ်မေက တစ်ဖက် ထိပ်သီးဆွေးနွေးပွဲတွင် စွပ်စွပ် ရွပ်ရွပ်တွေ့ကြလေပြီတကားဟု ဆိုနိုင်ပေ ၏။
ဗြိတိန်ရောက် အီးယူနိုင်ငံသားများ၏ အခွင့်အရေးများအား မည်သို့မည်ပုံ ကာကွယ်စောင့်ရှောက်ပေးမည်ကို မိမိအနေဖြင့် အဆိုပြုတင်ပြရန်ရှိကြောင်း ဝန်ကြီး ချုပ်မေက ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆယ်မြို့၌ ဇွန် ၂ဝ ရက်က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ် ပွားခဲ့ရာ ထိပ်သီးဆွေးနွေးပွဲကို အကြမ်း ဖက်မှုတိုက်ဖျက်ရေး ကိစ္စရပ်က အရိပ် မည်းကြီးပမာ လွှမ်းမိုးထားသေးသည်။ ဘရပ်ဆယ်ရှိ ဘူတာကြီးတွင် ဗုံးခွဲတိုက် ခိုက်သူအဖြစ် မသင်္ကာရသူကို ရဲတပ်ဖွဲ့က အသေဖမ်းဆီးခဲ့ပုံကို လောလောဆယ် လူတိုင်းမမေ့ပျောက်နိုင်ကြသေး။ ဥရောပ မြို့ကြီးများတွင် ဆက်တိုက်ဆိုသလို အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ သည့် ပုံရိပ်လွှာများကလည်း လူတိုင်း၏စိတ်ဝယ် ဝေ့လည်လည်ရှိနေကြသေး။
''အွန်လိုင်းကနေ လှုံ့ဆော်နေကြတဲ့ အကြမ်းဖက်သမားတွေကို ဖော်ထုတ်နိုင်ဖို့ ကျွန်မတို့ခေါင်းဆောင်တွေ ပူးပေါင်းလုပ် ကြပါစို့'' ဟု မေက တိုက်တွန်းခဲ့သည်။
ဘာသာရေးအစွန်းရောက်သမားများက ဂူဂဲလ်၊ တွစ်တာနှင့် ဖေ့စ်ဘွတ်တို့အပေါ် စွယ်ယောင်ပြကာ လှုပ်ရှားနေကြမှုများကို ရပ်တန့်နိုင်ရေးအတွက် ဥပဒေအရ ဖိအား ပေးမှုများပြုလုပ်ကြရန်လည်း သူက တိုက် တွန်းခဲ့၏။
ထိပ်သီးဆွေးနွေးပွဲအပေါ် အရိပ်မည်းကြီး လွှမ်းမိုး
ဥရောပနိုင်ငံများမှ ခေါင်းဆောင်ကြီး ၂၈ ဦးတို့၏ ထိပ်သီးဆွေးနွေးပွဲ၌ ဦးသျှောင်ကြီးများမှာ ဥရောပရေးရာများနှင့် ပတ်သက်၍ တသီတတန်းကြီး ဆွေးနွေးရန်ရှိနေ ရကား 'ခွဲရေး' ကိစ္စကို အကန့်အသတ်ပြု၍သာလျှင် ဆွေးနွေးခွင့်ရကြလေသည်။
သို့ဖြစ်လင့်ကစား အီးယူ၏ လိုလားချက်မှာ ဗြိတိန်၌ နေထိုင်လျက်ရှိကြသော အီးယူနိုင်ငံသား ၃ ဒသမ ၂ သန်းခန့်အတွက် ဘဝရှေ့ရေး အာမခံချက် တိတိပပရှိရန် ဝန်ကြီးချုပ်မေက အာမဝန္တာခံစေလိုခြင်း ဖြစ်၏။
ဥရောပသမဂ္ဂ၏ အခြားသော အဖွဲ့ဝင် ၂၇ နိုင်ငံတို့တွင်လည်း ဗြိတိန်နိုင်ငံသား ၁ ဒသမ ၂ သန်းရှိနေပြန်သည်။ ဤသည်မှာ ကား အီးယူအားကောင်းစဉ်က တစ်ခုတည်းသော 'ဘုံဈေးကွက်' ထူထောင်ခြင်း၏ ရလဒ်တစ်ခုပါပေ။
ဥရောပခေါင်းဆောင် အများစု တုန်လှုပ်ကြရသည်မှာ ခွဲရေးသဘောတူညီချက်ရရှိ ရေးအတွက် တင်းကျပ်သော အချိန်ဇယား သတ်မှတ်ထားခြင်းနှင့် မကြာမီက ကျင်းပ ခဲ့သော ပါလီမန်ရွေးကောက်ပွဲတွင် ဝန်ကြီး ချုပ်မေ၏ ကွန်ဆာဗေးတစ်ပါတီ အရေး မလှဖြစ်ခဲ့ရခြင်းနှင့်အတူ 'အနည်းစု' အစိုးရ
အဖွဲ့ဘက်သို့ ဦးလှည့်လိုက်ရခြင်းတို့ဖြစ် လေသည်။
အီးယူနှင့် ဗြိတိန်နိုင်ငံသားများ အချင်း ချင်း သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံ အခြေစိုက်နေ ထိုင်ကာ အလုပ်လုပ်ကိုင်လျက်ရှိကြပေရာ ဗြိတိန် ခွဲထွက်သွားပြီးချိန်တွင် မိမိတို့၏ ရှေ့ရေးမည်သို့ရှိလာမည်နည်းဟု အားလုံးက စိုးရိမ်ပူပန်ကြရသည်။ ခွဲရေးလုပ်ငန်းစဉ် အတွက် နောက်ဆုံးအချိန်ဇယားသတ်မှတ် ချက်မှာ ၂ဝ၁၉ ခုနှစ် မတ် ၃ဝ ရက်ဖြစ် ပြီး ယင်းရက်စွဲနောက်ပိုင်း ရွှေ့ပြောင်းလုပ် သားတို့၏ ရပ်တည်ချက်အတွက် အာမခံ ချက်များ ပီပီပြင်ပြင်ရှိရန် လိုအပ်လာမည် ဖြစ်သည်။ အကယ်၍ အီးယူနှင့် ဗြိတိန် အကြား ရွှေ့ပြောင်းလုပ်သားအရေးနှင့် ပတ်သက်၍ အာမခံချက်မရှိပါလျှင် ပြည် နှင်ခံရမည်ဟု ဝေးတစ်မြေရောက် လုပ်သားများ စိုးရိမ်ပူပန်စပြုကြလေပြီ။
ဥရောပတစ်လွှားမှ နိုင်ငံသားများ ဗြိတိန်နိုင်ငံသို့ လာရောက်၍ အခြေစိုက်နေထိုင် အလုပ်လုပ်ကိုင်သူဦးရေကို လျှော့ချမည်ဟု ဝန်ကြီးချုပ်မေက ကတိကဝတ်ပြုခဲ့ပြီး ဖြစ်ရာ ဗြိတိန်ရောက် ဧည့်လုပ်သားများ စိုးထိတ်ဗျာပါဖြစ်ကြရ၏။
အီးယူ၏ ဥပဒေ စည်းမျဉ်းအရ လွတ် လပ်သော ကုန်သွယ်ရေးအုပ်စုဝင် နိုင်ငံ တိုင်းမှာ အလုပ်သမားများ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်ကို ခွင့်ပြုပေးထား ပြီးဖြစ်သည်။
''ခွဲရေးကိစ္စဟာ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့်၊ အင်မတန်စိတ်ပျက်စရာ ကောင်းလှပါတယ်'' ဟု နယ်သာလန် ဝန်ကြီးချုပ် မတ်ရုက ပြောကြားသည်။ နယ်သာလန်နိုင်ငံသည် ဗြိတိန်၏ အီးယူ မဟာမိတ်များအနက် အရင်းနှီးဆုံး မဟာ မိတ်ဖြစ်ပြီး လွတ်လပ်သော ကုန်သွယ်ရေး ကို တစိုက်မတ်မတ် အားပေးထောက်ခံ လာခဲ့သည်။
အီးယူ၏ တစ်ခုတည်းသော ဈေးကွက် (ဝါ) ဘုံဈေးကွက်မှ ဗြိတိန်နုတ်ထွက်မည်၊ အကောက်အခွန်သမဂ္ဂမှလည်း နုတ်ထွက်မည်ဟု ဝန်ကြီးချုပ်မေက သန္နိဋ္ဌာန်ပြုခဲ့ပြန် ရာ အနာဂတ်တွင် ဘုံဈေးကွက်သို့ ဗြိတိန် ဝင်ရောက်နိုင်တော့ မည်မဟုတ်ပေ။
အီးယူနှင့် ဗြိတိန်အကြား ကုန်သွယ်ရေး ဆက်ဆံမှုအသစ် ပြန်လည်တည်ဆောက် ရန် လိုအပ်လာမည်ဖြစ်ပေရာ ကုန်သွယ် ရေးသဘောတူညီချက်သစ်တစ်ရပ်ကို ရေး ဆွဲနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်လာရမည် မှာ မလွဲပါချေ။
အကယ်၍ ၂ဝ၁၉ ခုနှစ် မတ်လထက် နောက်မကျဘဲ ခွဲရေးသဘောတူညီချက်ကို အပြီးအပြတ် မရရှိပါက ဗြိတိန်နိုင်ငံအနေ ဖြင့် အီးယူနိုင်ငံများနှင့် ကုန်သွယ်ရာတွင် ပိုမိုကြီးလေးသော အခွန်အကောက်များ နှင့် ရင်ဆိုင်လာရမည့်အပြင် ပိုမိုကြန့်ကြာ စေမည့် ကြိုးနီစနစ်နှင့်လည်း တွေ့ကြုံလာရ
နိုင်ပေသည်။
အရေးအပါဆုံးနိုင်ငံ
ဥရောပသမဂ္ဂ၏ အရေးအပါဆုံး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှာ ဗြိတိန်နိုင်ငံဖြစ်ပေရာ အီးယူ၏ ကျန်ရှိသောအဖွဲ့ဝင်နိုင်ငံများနှင့် ဗြိတိန်နိုင်ငံအကြား လက်တွေ့ကျသည့် ဆက်ဆံရေးတစ်ရပ် ထူထောင်ရန် လိုအပ်လျက်ရှိကြောင်း ဥရောပပါလီမန်ဥက္ကဋ္ဌ အန်သော်နျူးတာ ဂျာနီက ပြောကြားသည်။
အီးယူ၏ ပြည်တွင်းအသားတင် ထုတ် လုပ်မှုတန်ဖိုး (ဂျီဒီပီ)တွင် ဂျာမနီ (၂ဝ ရာ ခိုင်နှုန်း) ပြီးလျှင် ဗြိတိန်က ၁၇ ရာခိုင်နှုန်း အထိ ပါဝင်သည်။ ပြင်သစ်က ၁၄ ရာခိုင် နှုန်း၊ အီတလီက ၁၁ ရာခိုင်နှုန်း အသီးသီး ရှိသည်။
ဗြိတိန်က အီးယူမှ ခွဲထွက်ခြင်းဖြင့် ဖြစ် ပေါ်လာနိုင်အံ့သော အကျိုးဆက်များမှာ အများအပြားရှိသည်။ ဗြိတိန်နိုင်ငံသည် ဥရောပတွင် ဘဏ္ဍာရေးဝန်ဆောင်မှု အချက်အခြာ နိုင်ငံတစ်နိုင်ငံဖြစ်ခြင်း ကြောင့် ယင်းနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှုများ တုံ့နှေးသွားနိုင်ကြောင်း ဘဏ်လုပ်ငန်း ရှင်များက ခန့်မှန်းထားချက်မှာ အကျိုး ဆက်တစ်ရပ်ဖြစ်လာနိုင်သည်။
ဗြိတိန်နိုင်ငံ လန်ဒန်၏ ဘဏ္ဍာရေး ဝန်ဆောင်မှုကဏ္ဍမှာ အလုပ်သမား တစ် သန်းကျော်ဖြင့် လည်ပတ်နေသော လုပ်ငန်းဖြစ်ပြီး နိုင်ငံတော်အတွက် အခွန် ၁၂ ရာ ခိုင်နှုန်းခန့်ကို ပေးဆောင်နေသော လုပ်ငန်းကဏ္ဍလည်းဖြစ်သည်။
ဗြိတိန်ရှိ ဘဏ်ဝန်ထမ်းများကို အခြား သော ဥရောပနိုင်ငံများဘက်သို့ ရွှေ့ပြောင်းရန်လည်း ယခုအခါ အစီအစဉ်များ ရေးဆွဲနေကြရသည်ဟု ကြားသိရ၏။
လွန်ခဲ့သည့် မတ်လက သက်တမ်း နှစ် ၆ဝ ပြည့်မြောက်ခဲ့ပြီဖြစ်သော အီးယူမှ ဗြိတိန်ခွဲထွက်ရန် ဆွေးနွေးရေး လုပ်ငန်းစဉ်စတင်ခဲ့ပြီဖြစ်ရာ ဥရောပတစ်ဝန်းရှိ နိုင်ငံ တကာအဖွဲ့အစည်းများ၏ ဌာနချုပ်များကို ဗြိတိန်နိုင်ငံမှ ရွှေ့ပြောင်းထွက်ခွာကြရန် လည်း စီစဉ်ထားကြပြီဖြစ်သည်။
စီးပွားရေးရှုထောင့်မှကြည့်လျှင် ဗြိတိန် ၏ ခွဲထွက်မှုသည် ဥရောပနိုင်ငံများကိုရော ဗြိတိန်နိုင်ငံကိုပါ အကျိုးသက်ရောက်မှု ပြင်းထန်မည်ကား သေချာလှသည်။
အီးယူတွင် နှစ်ပေါင်း ၄ဝ ကြာမျှ ပေါင်း စည်းခဲ့ပြီးနောက် ဗြိတိန်က ခွဲထွက်ရန် ခြေ
လှမ်းပြင်လိုက်ခြင်းဖြင့် ဘူမိ-နိုင်ငံရေးအရ လည်း အကျိုးသက်ရောက်မှုများ ဖြစ်ပေါ် လာမည်မှာ မလွဲပါချေ။
အီးယူမှ ဗြိတိန်ခွဲထွက်ခြင်းဖြင့် ကျန်ရှိ သော နိုင်ငံများ ပိုမိုစည်းလုံးမှုရရှိသွားမည် လော၊ သို့တည်းမဟုတ် သဘောထား ကွဲလွဲ မှုများ ပိုမိုဆိုးရွားသွားမည်လောဆိုသည်မှာ ဥရောပနိုင်ငံများအချင်းချင်း စေ့စပ်ညှိနှိုင်း
မှုအပေါ် မှီတည်ပေလိမ့်မည်။
ခွဲရေးကိစ္စကြောင့် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(နေတိုး)၏ ရပ်တည်ချက်ကို လည်း ထိခိုက်နိုင်ပေသည်။ တစ်ဖက်တွင် နိုင်ငံတကာစနစ်အရ ဥရောပနှင့် အမေရိ ကန်အကြား ဆက်ဆံရေးကဏ္ဍသစ်ကို ပုံဖော်ထုဆစ် ကြရပေဦးမည်။
၁၉၇၃ ခုနှစ်တွင် အီးယူ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာသော ဗြိတိန်နိုင်ငံသည် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တစ်နှစ်လျှင် ပေါင် ငွေ ၁၂ ဘီလီယံကျော်ကို အီးယူသို့ ထည့် ဝင်လျက်ရှိပြီး ခွဲရေးထောက်ခံသူ ဗြိတိန် ပြည်သူများက တနင့်တပိုး ကျခံရသည့် ငွေ ကြေးပမာဏအဖြစ် ရှုမြင်ကြသည်။ တွဲရေး
လိုလားသူများကမူ ဈေးကွက်ကြီးကြီး အတွင်း ဝင်ရောက်လှုပ်ရှားနိုင်ခြင်းကြောင့် အီးယူတွင် ဗြိတိန်ဆက်လက်ရှိနေစေလို သည်။
နိုင်ငံခြားသား လုပ်သားများ တိုးလာ ခြင်းကြောင့် ဒေသခံများ အလုပ်အကိုင် နေရာဆုံးရှုံးရပြီး ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်ပေးရမှုများအတွက် စရိတ်တိုးလာသည်ဟု ခွဲရေးသမားများက ရှုမြင်ကြ သည်။
အီးယူတွင် ဗြိတိန်နိုင်ငံ ဆက်လက်ရှိနေ စေရန် လိုလားသူများတွင် နည်းပညာ ဆိုင်ရာ လုပ်ငန်းများ၌ လုပ်ကိုင်သူများဖြစ် ကြသည်။ လန်ဒန်သည် ဥရောပတွင် နည်းပညာလုပ်ငန်းများ၏ ဗဟိုချက်အဖြစ် ရပ်တည်လျက်ရှိရာ ခွဲထွက်ပြီးလျှင် နည်း ပညာဆိုင်ရာ လုပ်ငန်းကဏ္ဍ ထိခိုက်သွား နိုင်မည်ဟု ရှုမြင်ကြသည်။
သက်တမ်း နှစ် ၆ဝ ရှိ အီးယူသည် နိုင်ငံပေါင်းစုံ အဖွဲ့အစည်းကြီးအဖြစ် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှုနှင့် အတူယှဉ်တွဲနေထိုင် မှုတို့ကို စံတန်ဖိုးများအဖြစ် အလေးပေး လျက်ရှိသော်လည်း စိန်ခေါ်မှုအမျိုးမျိုး ရင်ဆိုင်လာနေရပုံကို တွေးတောမိရင်း ''ဗြိတိန် ခွဲထွက်မှု အီးယူကွဲအက်မှုလော'' ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။
Ref: UK in Brexit pledge on citizens' rights at EU summit

No comments:

Post a Comment