Thursday, June 29, 2017

သမိုင်းအစဉ်အဆက် ယဉ်ကျေးမှုမပျက် မြတ်နိုးဆင်ယင်ခေတ်အသွင် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပ

Image may contain: one or more people, people on stage, shoes and indoor
ရန်ကုန် ဇွန် ၂၈
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ စီစဉ်တင်ဆက်သည့် ''သမိုင်း အစဉ်အဆက် ယဉ်ကျေးမှုမပျက် မြတ်နိုးဆင်ယင်ခေတ်အသွင်'' ဝတ်စား ဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် ''ယှဉ်ပြိုင်တေးစကား လေဒီစတား'' အထူးပွဲပြသခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ဖျော်ဖြေတင်ဆက်သည်။
ခေတ်အဆက်ဆက် ပြောင်းလဲလာသည့် ရိုးရာအဝတ်အထည်များနှင့် ဆင်ယင်ထုံးဖွဲ့မှုများကို ယနေ့ခေတ်လူငယ်များ သိရှိပြီး မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် ပရိသတ်များစိတ်အပန်းပြေစေရန် ရုပ်ရှင်ဂီတ နှစ်ဖက်လှ အစီအစဉ်ဖြစ်သည့် အောင်မြင်ရုပ်ရှင် သီချင်းအသွင်၊ သံစဉ် ထိုးဖောက် ရုပ်ရှင်ရောက် ကဏ္ဍများ၊ မော်ဒယ်သမီးပျိုလေးများ၏ လှပစွာ ဝတ်စားဆင်ယင်ပြသမည့် ခေတ်အကြိုက်သွင်ပြင်ရတနာအဆင်ကဏ္ဍ၊ ပွဲလယ်တင့်တာ တို့ရိုးရာ ဂုဏ်ရှိန်ပြည့်လွှမ်း ချိတ်အဆင်ဆန်းကဏ္ဍများနှင့် နိုင်ငံကျော် အဆိုတော်တေးသံရှင်များကလည်း ပါဝင်ဖျော်ဖြေခဲ့ကြသည်။ နိုင်ငံကျော်အနုပညာရှင်များပါဝင်သည့် ယှဉ်ပြိုင်တေးစကား လေဒီစတား တစ်ခန်းရပ်ပြဇာတ်ကိုလည်း တင်ဆက်ကပြရာ ပရိသတ်အကြိုက်တွေ့စေခဲ့သည်။
လူကြီး၊ လူငယ် အရွယ်စုံပရိသတ်များအတွက်ရည်ရွယ်ပြီး တင်ဆက်ကပြ ခြင်းဖြစ်သည့်အတွက် ရသစုံပေးနိုင်ရန် ပထမပိုင်းနှင့် ဒုတိယပိုင်း နှစ်ပိုင်းခွဲကာ ဖျော်ဖြေတင်ဆက်ခဲ့ပြီး သံချပ်အစီအစဉ်များ၊ တစ်ခန်းရပ် ဟာသပြဇာတ်၊ ''ရုပ်ရှင်နှင့်ဂီတ နှစ်ဖက်လှအစီအစဉ်'' စသည်တို့ပါဝင်ပြီး ယခင်နှစ်များနှင့် မတူ တစ်မူထူးခြားသည့် ဖက်ရှင်ရှိုးများ၊ သီဆိုဖျော်ဖြေတင်ဆက်မှုများ၊ လှပဆန်းပြားသည့် LED အပြင်အဆင်များအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထင်ဟပ်ပေါ်လွင် စေမည့် ''သွေးရင်းများပီပီ'' သရုပ်ဖော်ပြကွက်များပါဝင်ခဲ့သည်။
ယနေ့ အမျိုးသားဇာတ်ရုံကြီးတွင် တင်ဆက်သည့် ဖျော်ဖြေပွဲသို့ မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နာယကများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ နာယကများနှင့် တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုပန်းစည်းများပေးအပ်ခဲ့သည်။
အဆိုပါ ဖျော်ဖြေပွဲအား အများပြည်သူများကြည့်ရှုနိုင်ရန် ဇွန် ၂၉ ရက် နှင့် ၃ဝ ရက်တို့တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ည ၇ နာရီမှစတင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-သီသီမင်း၊ ဓာတ်ပုံ-အေးမင်းသူ(ကြေးမုံ)

No comments:

Post a Comment