Thursday, June 29, 2017

ကုလားတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း




အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်အစိုးရထံသို့ ကုလားတန်အမည်ရှိသော မြစ်တွင်းသွား ရေယာဉ်ခြောက်စင်းကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အဆိုပါ ရေယာဉ်ခြောက်စင်းကို ရခိုင်ပြည်နယ်အတွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းဆောင်တာများအတွက် အသုံးပြုသွားမည်ဖြစ်ပါသည်။ အမှန်မှာမူ ရေယာဉ်ခြောက်စင်း၏ လုပ်ငန်းဆောင်တာတို့သည် ကုလားတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ လုပ်ငန်းအစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။ ကုလားတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်း ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် ရှည်လျားသောနယ်နိမိတ်ထိစပ်နေသော်လည်း နှစ်နိုင်ငံနယ်စပ်မျဉ်း၏ တစ်ဖက်တစ်ချက်ရှိဒေသ တို့သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသကဲ့သို့ ဖွံ့ဖြိုးမှုလည်းနည်းပါးသည့် ဒေသများဖြစ်နေသောကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ပူးပေါင်း ဆောင်ရွက်မှုတို့ကို သိသိသာသာတိုးမြှင့်နိုင်ခဲ့ခြင်း မရှိခဲ့သည်မှာ ယနေ့ ထက်တိုင်ဟု ဆိုရမည်ဖြစ်ပါသည်။ ကုလားတန်ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းသည် အဆိုပါ အဟန့်အတားတို့ကို ရိုက်ချိုးဖယ်ရှား၍ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်သစ်တို့ကို ဖော်ဆောင်ပေးမည့်စီမံကိန်း ဖြစ်ပါသည်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၏ခြေလှမ်းသစ်များဟု ဆိုရမည်ဖြစ်ပါသည်။
ကုလားတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၌ စစ်တွေဆိပ်ကမ်းအား တန်ချိန် ၆ဝဝဝ ရေယာဉ်များ ဝင်ထွက်သွားလာနိုင်ရေးကို ဆောင်ရွက်မည်ဖြစ်သကဲ့သို့ တန်ချိန် ၂ဝဝဝဝ ရေယာဉ်များ ဆိုက်ကပ် နိုင်မည့်ဆိပ်ခံတံတား တည်ဆောက်ခြင်းတို့လည်း ပါဝင်ပါသည်။ ထို့အတူ စစ်တွေနှင့်ပလက်ဝတို့၌ တန်ချိန် ၃ဝဝ ရေယာဉ် ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားနှစ်စင်းကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ ကုလားတန် မြစ်ကြောင်းတစ်လျှောက်၌လည်း ရေကြောင်းပြဘော်ယာ များ တပ်ဆင်သွားမည်ဖြစ်ပါသည်။
စီမံကိန်းအကောင်အထည်ဖော်ပြီးစီးမှုကို သုံးသပ်ပါက ပလက်ဝ ဆိပ်ကမ်း၌ ဆိပ်ခံတံတားနှင့်အဆောက်အအုံများ တည်ဆောက်ခြင်းတို့ပြီးစီးပြီဟုသိရှိရပါသည်။ စီမံကိန်း၏ သဘောသည် ကုလားတန် မြစ်ကြောင်းကို အသုံးပြု၍ ကုန်သွယ်သွားရမည်ဖြစ်ပြီး ပလက်ဝမှ အိန္ဒိယနယ်စပ်ရှိ ဇိုရင်ပူအီအရောက် အဝေးပြေးလမ်းဖောက်လုပ်သွား မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကုလားတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် သမိုင်းကြောင်းတစ်လျှောက်တည်ရှိခဲ့သော အဟန့် အတားတို့ကိုကျော်လွှား၍ အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို သိသိသာသာ မြှင့်တင်ပေး နိုင်တော့မည် ဖြစ်ပါသည်။
ကုလားတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အကြောင်းပြု၍ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမို ပြုလုပ်နိုင်မည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှတစ်ဆင့် တခြားသော အရှေ့ တောင်အာရှနိုင်ငံများနှင့်ပါ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားနိုင် မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အိန္ဒိယနိုင်ငံနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်သော အခွင့်အရေးကောင်းတို့ကို ရရှိမည်ဖြစ်ပြီး အိန္ဒိယ နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံတို့အကြား ကြားခံဆက်သွယ်ရေးအဖြစ် ဆောင်ရွက်နိုင်မည့်အခွင့်အရေးတို့ကို ရရှိမည်ဖြစ်ပါသည်။
ထိုမျှမက ကုလားတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် ဖွံ့ဖြိုးမှုနည်းပါးဆဲ ဖြစ်သည့် ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့အတွက် စီးပွားရေးအခွင့် အလမ်းကောင်းတို့ကို ဖန်တီးပေးမည်ဖြစ်၍ ဤစီမံကိန်းကိုအလေး အနက်ကြိုဆိုဂုဏ်ပြုပါကြောင်း တင်ပြအပ်ပါသည်။

No comments:

Post a Comment