Tuesday, June 27, 2017

ကိုလံဘီယာနိုင်ငံ အန်တီယိုကွာပြည်နယ်တွင် သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ကိုးဦးထက်မနည်းသေဆုံး




ဘိုဂိုတာ ဇွန် ၂၆


 

ကိုလံဘီယာနိုင်ငံ အန်တီယိုကွာပြည်နယ်တွင် သင်္ဘောတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ လူကိုးဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၈ ဦးပျောက်ဆုံးနေကြောင်း ပြည်နယ်မီးသတ်ဌာနက မကြာသေးမီကပြောကြားခဲ့သည်။
လေးထပ်သင်္ဘောသည် အန်တီယိုကွာပြည်နယ်အတွင်းရှိ က္ဘာလှည့်ခရီးသွားအများစုလာရောက်သော ရေလှောင်တမံ တစ်ခုအတွင်း ဒေသစံတော်ချိန် နေ့လယ်နှစ်နာရီခန့်တွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး နစ်မြုပ်ချိန်တွင် သင်္ဘောပေါ်၌ခရီးသည် ၁၇ဝ ပါရှိကြောင်းသိရသည်။ သင်္ဘောနစ်မြုပ်မှုဖြစ်ပွားချိန်တွင် မည်သည့်ထိခိုက်မှုမှ မဖြစ်ပွားခဲ့ကြောင်း အန်တီယိုကွာပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်လာသော သင်္ဘောသည် ဟန်ချက်ပျက်ကာ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘော နစ်မြုပ်မှုဖြစ်ပွားချိန်တွင် အနီးဝန်းကျင်ရှိသင်္ဘောများသည် လိုအပ်သော ကူညီမှုများပေးနိုင်ရန် အဆိုပါနေရာသို့ သွားရောက် ခဲ့ကြကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။
သင်္ဘောနစ်မြုပ်မှုဖြစ်ပွားရာသို့ ကိုလံဘီယာလေတပ်မှ ရဟတ်ယာဉ်များစေလွှတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့သလို မီးသတ်တပ်ဖွဲ့ကလည်း ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ကြောင်း သိရသည်။
လေးထပ်သင်္ဘောသည် သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်လာသောကြောင့် ဟန်ချက်ပျက်ကာ တိမ်းမှောက်မှုဖြစ်နိုင်ကြောင်း သင်္ဘောမှောက်မှုမှ အသက်ရှင်လွတ်မြောက်လာသူတစ်ဦးက ပြောကြားခဲ့သည်။
(ဆင်ဟွာ)

No comments:

Post a Comment