Wednesday, June 28, 2017

အောင်မြင်ဖို့အတွက်ဆိုရင်

Image may contain: 2 people, people smiling
အာဆင်နယ်အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီဟာ ၂ဝ၁၂ ခုနှစ်မှာ အာဆင်နယ်ကနေ ပရီမီယာလိဂ်ပြိုင် ဘက် မန်ယူအသင်းကို ပြောင်းရွှေ့သွားခဲ့သူပါ။ ဗန်ပါစီအနေနဲ့ အသက်(၃ဝ)နီးပါးရောက်မှ မန်ယူကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ၂ဝ၁၅ ခုနှစ်မှာတော့ မန်ယူကနေ ထွက်ခွာခဲ့ရပါတယ်။ ဗန်ပါစီရဲ့ အကောင်းဆုံးခြေစွမ်းဟာ အာဆင်နယ်မှာ ရှိနေတဲ့ အချိန်မှာပဲ မြင်တွေ့ခဲ့ရတယ်ဆိုပေမယ့် ဖာဂူဆန်
လက်ထက် မန်ယူနဲ့ လက်တွဲခဲ့တဲ့ ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းပိုင်း ပေါ်အောင်ကစားနိုင်ခဲ့ပါတယ်။ ပထမနှစ် မန်ယူကစား သမားဘဝမှာ ပရီမီယာလိဂ်ဖလားရော မန်ယူရဲ့ တစ်နှစ် တာ အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့ပေ မယ့် ဖာဂူဆန်အနားယူသွားခြင်းနဲ့အတူ ဗန်ပါစီရဲ့ တောက်ပမှုတွေလည်း မှေးမှိန်သွားခဲ့ပါတယ်။
ဖာဂူဆန်အနားယူသွားခြင်းက ဗန်ပါစီနဲ့ မန်ယူ အသင်းတို့ရဲ့ လက်တွဲမှုရေရှည်မခံခဲ့ခြင်းရဲ့ အဓိက အကြောင်းတရားတစ်ရပ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒါဆို ဗန်ပါစီဟာ ဖာဂူဆန်အနာယူမယ့် အစီအစဉ်ကို မသိခဲ့လို့ မန်ယူကို ပြောင်းလာတာလား၊ ဖာဂူဆန်ကရော ပရီမီယာလိဂ်ပြိုင်ဘက်အင်အားကြီးအသင်းက အသင်း ခေါင်းဆောင်တစ်ယောက်ကို ဘယ်လိုစည်းရုံးပြီး ခေါ်ယူ နိုင်ခဲ့တာလဲ ဒီကိစ္စရပ်ကို မန်ယူနဲ့ အာဆင်နယ်ပရိသတ် တွေက အတော်လေးစိတ်ဝင်စားခဲ့ပေမယ့် ဒီအဖြေဟာ သုံးနှစ်လောက် ငုပ်လျှိုးနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဖာဂူဆန်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် ထွက်ရှိလာချိန်မှာတော့ ပရိသတ်အချို့ သိချင်နေတဲ့ အဖြေကို တွေ့ခဲ့ပါတယ်။ ဖာဂူဆန်က ''ကစားသမား တွေ အသင်းကို လာချင်အောင် ကျွန်တော်ဆက်ရှိ နေဦးမယ်ဆိုတဲ့ သဘောနဲ့ စည်းရုံးခဲ့တာပါ။ ဥပမာ ဆိုရရင် ဗန်ပါစီနဲ့ ကာဂါဝါတို့ပေါ့။ ကျွန်တော်အနေနဲ့ အနားယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောကြားခဲ့တာ က အမှန်ဖြစ်ပါတယ်''လို့ ဖွင့်ချခဲ့တာဖြစ်ပါတယ်။
ဗန်ပါစီကတော့ သူ့အနေနဲ့ မန်ယူကို ပြောင်းရွှေ့သွား ခြင်းက သူ့ရဲ့ ကစားသမားဘဝအဆုံးသတ်သွားစေခြင်း ဆိုတဲ့ ဝေဖန်မှုတွေအပေါ် ငြင်းဆန်ပယ်ချခဲ့ပါတယ်။ မှန်ပါတယ်။ ဗန်ပါစီဟာ အာဆင်နယ်အသင်းကို ၂ဝဝ၄ ခုနှစ် အသက်(၂၁)နှစ်အရွယ်ကတည်းက ရောက်ရှိလာပြီး ရှစ်ရာသီကြာ ကျင်လည်ခဲ့ပေမယ့် ပရီ မီယာလိဂ်ဖလားလို ကြီးမားတဲ့ အောင်မြင်မှု မရရှိခဲ့ဘဲ မန်ယူအသင်းရောက်မှသာ ပရီမီယာလိဂ်ဖလားကို
ကိုင်မြှောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒီအပေါ် ဗန်ပါစီက ''မန်ယူကို ကျွန်တော်ပြောင်းရွှေ့ ခြင်း အဓိကအကြောင်းတရားက ဖာဂူဆန်ရှိနေခြင်း ကြောင့်ပါပဲ။ ကျွန်တော်အနည်းဆုံး သုံးနှစ်လောက် မန်ယူမှာ ကစားနိုင်မယ်လို့ ရည်ရွယ်ခဲ့ပြီး ဒါဟာ ကျွန်တော့်ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဘောလုံးလောကဆိုတာ အမြဲတမ်းပြောင်းလဲနေတာပါပဲ။ ဒါကြောင့် ကိုယ့်လမ်း ကြောင်းကိုကိုယ့်ဘာသာ ကိုယ်သာ ရွေးချယ်ရပါမယ်။ နည်းပြရဲ့ လမ်းကြောင်းအတိုင်းလိုက်ပြီးတော့ လျှောက်လို့ မရဘူးလေဗျာ'' လို့ တုံ့ပြန်ခဲ့ပါတယ်။
မန်ယူနည်းပြကြီး ဖာဂူဆန်ဟာ ကစားသမားပေါင်း မြောက်မြားစွာကို ဦးဆောင်မှုပေးပြီး မန်ယူရဲ့ ခေတ် ဖြစ်အောင် ဆယ်စုနှစ် သုံးခုနီးပါးကြာအောင် ဦးဆောင် ပေးခဲ့သူပါ။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ဘယ်ကစား သမားကို ဘယ်လိုစကားပြောပြီး လမ်းညွှန်ခဲ့တယ်၊ ဘယ်သူ့ကို ဘယ်လို ဆူပူကြိမ်းမောင်းခဲ့တယ် စတာတွေ ဟာ မန်ယူရဲ့ အောင်မြင်မှုအတွက် လမ်းခင်းပေးခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ပြိုင်ဘက်အသင်း ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးကို မန်ယူဆီလာရောက်
ပူးပေါင်းဖို့ ဖာဂူဆန်သုံးခဲ့တဲ့ အဖြူရောင်မုသားဟာ ဗန်ပါစီအတွက်အဆိပ်အတောက်ဖြစ်ခဲ့သလား ဆိုတာ တော့ ဘယ်သူမှမသိတဲ့ နောက်ကွယ်ကအကြောင်း တရားလို့ပဲ ပြောရတော့မှာဖြစ်ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment