Tuesday, June 27, 2017

ပြဋ္ဌာန်းပြီးဥပဒေများအား လိုက်နာကျင့်သုံးရန်နှင့် အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်သွားရန်လိုအပ်


Image may contain: 1 person
နေပြည်တော် ဇွန် ၂၆
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂ဝ)ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးကဏ္ဍဆိုင်ရာ မေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ ၏ သထုံခရိုင် ဘီးလင်းမြို့နယ်အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများ၌ လိုအပ်လျက်ရှိသော အောက်စီဂျင်အိုးများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ကူညီပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကုသရေးဦးစီးဌာန အနေဖြင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ဆေးကုသမှုခံယူသော လူနာများ အား မရှိမဖြစ် အခြေခံအဓိကဆေးဝါးများ ထောက်ပံ့ပေးနိုင်ရန်၊ အခြေခံ ဓာတ်ခွဲ၊ ဓာတ်မှန်စမ်းသပ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆေးဝါး၊ ဆေးပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် နှစ်စဉ်ရန်ပုံငွေ ခွဲဝေချထားပေးခဲ့ပါကြောင်း။
နှစ်စဉ်တိုးမြင့်လာသော လူနာဦးရေကြောင့် အချို့သော ပြည်သူ့ဆေးရုံ များမှ ရန်ပုံငွေထပ်မံတိုးမြှင့်တောင်းခံခြင်းများ၊ အချို့သော ကင်ဆာဆေးဝါးများ၊ Complementary Medicines များ ထောက်ပံ့ပေးနိုင်ရေးအတွက် ရန်ပုံငွေ တောင်းခံလာခြင်းအပေါ် စိစစ်၍ ရန်ပုံငွေထပ်မံခွဲဝေချထားပေးခဲ့ပါကြောင်း၊ ဆေးရုံတက်လူနာများအား အောက်စီဂျင် အခမဲ့ထောက်ပံ့နိုင်ရန်အတွက် O2 Plant များ တပ်ဆင်ပေးခြင်းကို ဗဟိုအဆင့် ဆေးရုံကြီးပေါင်း(၃၉)ရုံ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများနှင့် ခုတင်(၂ဝဝ)၊ ခုတင်(၁ဝဝ) ဆေးရုံပေါင်း(၃၆)ရုံတွင် တပ်ဆင်ပေးထားပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် O2 Concentrator များကို လိုအပ်ချက်ရှိသော ဆေးရုံများသို့ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပြီး လူနာများအတွက် လုံလောက်မှု မရှိပါကြောင်း၊ ဘီးလင်းမြို့နယ်သည် အမျိုးသားကျန်းမာရေးစီမံကိန်းပထမနှစ် (၂ဝ၁၇-၂ဝ၁၈) ခုနှစ်တွင် ဦးစားပေးဆောင်ရွက်မည့် မြို့နယ် ၇၆ မြို့နယ်အတွင်း ပါဝင်သည့်အတွက် O2 Concentrator ဝယ်ယူပြီးဖြစ်၍ ယခုတစ်ပတ်အတွင်း ပေးပို့သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း၏ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ်အရ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဓမ္မသော်တိုက်နယ်ဆေးရုံ စံကိုက်ဆောက်လုပ်ရန် ဘတ်ဂျက်ငွေချထားပေး သော်လည်း အခြားနတ်တလင်းမြို့နယ် တာပွန်မြို့ တိုက်နယ်ဆေးရုံသစ်ကို နေရာပြောင်းတည်ဆောက်ရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တစ်ဦးက ကန်ထရိုက်ကုမ္ပဏီသို့ ညွှန်ကြားခဲ့သည့်အတွက် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက် လျက်ရှိနေစဉ်မှာပင် ရပ်ဆိုင်းထားရန် တားမြစ်ခဲ့ပြန်သဖြင့် ယင်းသို့ ခွင့်ပြုချက် ပေးထားသည့် နေရာဒေသမှလွဲ၍ အခြားနေရာဒေသသို့ ပြောင်းရွှေ့ဆောင်ရွက် ခွင့် ရှိ၊ မရှိ သိရှိလိုခြင်းနှင့် နောက်နောင် ယင်းကဲ့သို့ မူဘောင်ကျော်၍ လုပ်ဆောင်ထားမှုတို့အပေါ် မည်ကဲ့သို့ စီမံထိန်းကျောင်း ကြပ်မတ်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ခွင့်ပြုချက်ပေးသည့်နေရာမှလွဲ၍ အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ ဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် သတ်မှတ်ကာလအတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ ရန်ပုံငွေခေါင်းစဉ် ပြောင်းလဲဆောင်ရွက် ခွင့်ပြုရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့သို့ ကျိုးကြောင်းဖော်ပြချက်များနှင့် တင်ပြ ညှိနှိုင်းရပါကြောင်း၊ အဆိုပါဌာနများမှ သဘောတူညီချက်ရရှိမှသာ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနသို့ ဆက်လက်တင်ပြပြီး ကန့်ကွက်ရန်မရှိပါက ရန်ပုံငွေ ခေါင်းစဉ်ပြောင်းလဲဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
ထိုကဲ့သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ နေရာပြောင်းလဲဆောင်ရွက်ရန် ခွင့်ပြုမိန့်တင်ပြညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် ဓမ္မသော်တိုက်နယ် ဆေးရုံတည်ဆောက်ခြင်းလုပ်ငန်းအား မူလဘတ်ဂျက်ခေါင်းစဉ်တွင် ပါရှိ သည့်အတိုင်း ပေါက်ခေါင်းမြို့နယ် ဓမ္မသော်ကျေးရွာတွင်သာ ဆောက်လုပ်လျက်ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်းနှင့် မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်) တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာ စန်းမောင်မောင်၏ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးသော်လည်း ပြည်သူများ လိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်များဘက်မှ ကြီးကြပ်အရေးယူမှု မရှိသလောက် အားနည်းနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးပါရန် တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ နော်လှလှစိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာ ဦးကြွယ်ကြွယ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်နှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်းတို့က ထောက်ခံဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ နော်လှလှစိုးက အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မူဝါဒများရေးဆွဲခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လူထုအခြေပြုပညာပေး အစီအစဉ် များကို ဆောင်ရွက်သွားသင့်ပါကြောင်း၊ ထို့အတူ ကွမ်းရွက်၊ ကွမ်းသီးနှင့် ပါဝင်ပစ္စည်းများပေါ်တွင် အခွန်တိုးကောက်ခြင်း၊ ပြည်ပမှ တရားမဝင် ဝင်ရောက်လျက်ရှိသော ဆေးပေါင်းများနှင့် ဆက်စပ်ပစ္စည်းများအား ထိန်းချုပ် ခြင်းတို့ကို ဆောင်ရွက်သင့်ပါကြောင်း၊ အလားတူ နိုင်ငံအတွင်းရှိ ပြဋ္ဌာန်းပြီး ဥပဒေများအား လိုက်နာကျင့်သုံးရန်နှင့် အပြစ်ပေးအရေးယူမှုများ ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း စသဖြင့် အဆိုအားထောက်ခံဆွေးနွေးသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ကို ဇွန် ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားရန်လျာထားကြောင်း သိရသည်။
သူရဇော် (သတင်းစဉ်)

No comments:

Post a Comment