နေပြည်တော် ဇွန် ၂၆
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ကြီး ရေရှည်တည်တံ့ရေးအတွက် အစိုးရ၊ ပြည်သူအားလုံး ပါဝင်သော စဉ်ဆက်မပြတ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများချမှတ်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်း အဝေးက ဆုံးဖြတ်လိုက်သည်။
အဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အင်းလေးကန်ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ ထိန်းသိမ်းရေး(၅)နှစ် လုပ်ငန်းစီမံချက်(၂ဝ၁၅-၂ဝ၁၆ မှ ၂ဝ၁၉-၂ဝ၂ဝ)ကို ဆက်စပ်ပတ်သက်သူများ အားလုံးပါဝင်မှုဖြင့် အကောင် အထည်ဖော်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အင်းလေး ကန်ရေရှည်တည်တံ့ရေးအတွက် အင်းလေးကန်အုပ်ချုပ် ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အင်းလေးကန် ရေရှည်တည်တံ့ရေး ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများ၏ သဘောထားရယူပြီး စီမံကိန်းအဆိုပြုလွှာများခေါ်ယူ၍ ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် ဥပဒေနှင့်နည်းဥပဒေ (မူကြမ်း)များ ပြဋ္ဌာန်းနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ သက်ဆိုင်သည့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ဒေသခံပြည်သူများ၏ သဘောထားရယူပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ယင်းအဆိုကို ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခ)ဦးနေမျိုးက တင်သွင်းခဲ့ခြင်းဖြစ်ပြီး တောင်ကြီးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သန်းငွေ၊ ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၊ မိုးကုတ်မဲဆန္ဒနယ်မှ ဦးအောင်နိုင်(ခ) ဦးနိုင်ငံကျော်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စော၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးနှင့် ကလော မဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင်တို့က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်အများစုက အင်းလေးကန်၏ သက်တမ်းကြာမြင့်လာခြင်း၊ အင်းလေးကန်ရေဝေရေလဲ အတွင်း နေထိုင်သူလူဦးရေ တိုးပွားလာခြင်းနှင့်အတူ သစ်နှင့်ထင်းလောင်စာ လိုအပ်ချက်မြင့်တက်လာခြင်း၊ စိုက်ပျိုးမြေတိုးချဲ့ခြင်း၊ ဓာတုဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ အလွန်အကျွံအသုံးပြုခြင်း၊ ရေနှင့် မြေဆီလွှာထိခိုက်စေသည့် နည်းလမ်းများကျင့်သုံးခြင်း၊ ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းတို့ကြောင့် အင်းလေးကန်ရေပြင်တိမ်ကောခြင်းနှင့် ရေအရည်အသွေး ကျဆင်းလာရခြင်းဖြစ်ကြောင်း ထောက်ပြဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် နတ်တလင်းမဲဆန္ဒနယ်မှ ဦးခင်အေး၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ လက်ထောက်ကြီးကြပ်ရေးမှူး (မြို့နယ်)အဆင့်မှ အငယ်တန်းအင်ဂျင်နီယာ(၂)ရာထူးသို့ တိုးမြှင့်ပေးရန် ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်းက လူတွေ့စစ်ဆေးမှုကို ဖြေဆိုထားသူ(၁ဝ၄)ဦးမှ အရည်အချင်း ပြည့်မီသူများကို ရာထူးတိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က လက်ထောက်ကြီးကြပ်ရေးမှူး(မြို့နယ်) တာဝန်ထမ်းဆောင်နေသူများသည် ဝိဇ္ဇာဘွဲ့နှင့်သိပ္ပံဘွဲ့အမျိုးမျိုးဖြင့် အောင်မြင်ထားကြသူများဖြစ်ပါကြောင်း၊ ယခု ထက်ရာထူးမြင့်လာပါက ဗို့အားမြင့်ဓာတ်အားလိုင်းစနစ်များကို ကိုယ်တိုင်ကိုယ်ကျဝင်ရောက်လုပ်ကိုင်ကြရမည် ဖြစ်ပြီး စီမံခန့်ခွဲကြီးကြပ်ရမည့် တာဝန်များလည်းရှိလာ မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ တာဝန်ယူရမည်ဆိုပါက လျှပ်စစ်အင်ဂျင်နီယာပညာရပ်ကို အခြေခံကျကျ တတ်မြောက်ထားသူများမဟုတ်ပါက လုပ်ငန်းခွင်အတွင်း အသက်သေဆုံးနိုင်သော ဆုံးဖြတ်လုပ်ကိုင်မှုအခြေအနေ ကျရောက်လာနိုင်ပါကြောင်း။
လုပ်ငန်းအတွေ့အကြုံနှင့်ကျွမ်းကျင်မှုရှိသည့် လုပ်သက် ရင့်ဝန်ထမ်းများကို အငယ်တန်းအင်ဂျင်နီယာ(၂)ရာထူးသို့ တိုးမြှင့်ပေးခဲ့သော အစဉ်အလာရှိခဲ့ပါကြောင်း၊ ယခင် ကာလက စီမံခန့်ခွဲမှု မှားယွင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခု အခါတွင် အဆိုပါဖြစ်စဉ်မျိုးမဖြစ်ပေါ်စေရေး အဆင့်ဆင့် စိစစ်ကြပ်မတ်ဆောင်ရွက်နေပါကြောင်း၊ အင်ဂျင်နီယာ ဘွဲ့ရမဟုတ်သော လက်ထောက်ကြီးကြပ်ရေးမှူး(မြို့နယ်) များအား အငယ်တန်းအင်ဂျင်နီယာ(၂) ရာထူးသို့ တိုးမြှင့် ပေးရန်အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။
ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၏ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ကောက်ယူနေသော လျှပ်စစ်မီတာခကို သင့်တင့်မျှတသောဈေးနှုန်းသို့ ပြောင်းလဲသတ်မှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက် ပြီးစီးမှုမရှိခြင်းကြောင့် ပုဂ္ဂလိကမှ စုစုပေါင်းဓာတ်အား ထုတ်လုပ်မှု၏ ၅၁ ရာခိုင်နှုန်းအထိ ပါဝင်လာပါကြောင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကစက်ရုံများမှထုတ်လုပ်သော ဓာတ်အားတစ်ယူနစ် ပျမ်းမျှကုန်ကျစရိတ်သည် ၉၁ ဒသမ ၉၂ ကျပ်ခန့်ရှိပါကြောင်း၊ ဓာတ်အားတစ်ယူနစ်အတွက် ပြန်လည်ကောက်ခံရရှိငွေမှာ ပျမ်းမျှ ၆၉ ဒသမ ၂၆ ကျပ်ခန့်သာဖြစ်၍ နိုင်ငံတော်ဘတ်ဂျက်မှ ဓာတ်အားတစ် ယူနစ်တိုင်းအတွက် ၂၂ ဒသမ ၆၆ ကျပ်ခန့် စိုက်ထုတ် ပေးရသည့်အခြေအနေဖြစ်ပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် စုစုပေါင်းငွေကျပ် ၃၃၇ ဘီလီယံခန့် အရှုံးခံ စိုက်ထုတ်ခဲ့ရပါကြောင်း။
လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏမှာ နှစ်စဉ်မဂ္ဂါဝပ် ၄ဝဝ မှ ၅ဝဝ အထိ တိုးတက်လျက်ရှိပါကြောင်း၊ ကုန်ကျ စရိတ်များကိုကာမိသည့် သင့်လျော်သောဓာတ်အားခနှုန်း ထားကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ဝန်ကြီးဌာနက လျှပ်စစ်စွမ်းအားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတော်က စိုက်ထုတ်ကျခံသုံးစွဲရမှုလျှော့ချ နိုင်ရေးနှင့် သင့်လျော်သော ဓာတ်အားခနှုန်းထားတစ်ခု သတ်မှတ်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ Tariff Policy ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု၊ ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၊ သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာ ခိုင်၊ နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၊ သာစည်မဲဆန္ဒနယ် မှ ဦးသန်းစိုး၊ ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင် တို့၏ ပြည်သူများလုံခြုံမှုအတွက် ရဲစခန်း သို့မဟုတ် ရဲကင်းများချထားပေးရေး၊ ပြည်သူ့ရဲတပ်ဖွဲ့များ၏ လိုအပ် ချက်များဖြည့်တင်းပေးရေး၊ ရခိုင်ကမ်းလွန်မှ Gas ရောင်းချနေမှုဆိုင်ရာ၊ ကျေးရွာများလျှပ်စစ်ဓာတ်အားရရှိ ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့်ပတ်သက်သည့် ကန်ထရိုက်စာချုပ်ပါ အချက်အလက်များ ပွင့်လင်း မြင်သာစွာချပြရေးဆိုင်ရာ မေးခွန်းများကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ဖြေကြားခဲ့ကြသည်။
ထို့ပြင် ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီနှင့် ပြည်သူ့လွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာများဖတ်ကြားတင်ပြခြင်းနှင့် ''တရားခံလွှဲပြောင်း ရေးဥပဒေကြမ်း''အား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ကျော်သူထက်၊ အေးအေးသန့်(သတင်းစဉ်)
No comments:
Post a Comment