ရန်ကုန် ဇွန် ၂၄
ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ အမျိုးသားပြန်လည် သင့်မြတ်စေရေး၊ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး စသည့် ရည်ရွယ်ချက်များဖြင့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို ဇူလိုင်လတွင် ပြုလုပ်သွားမည်ဟု ဇွန် ၂၄ ရက်က မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင်ပြုလုပ်ခဲ့သော စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။
ယင်းဂီတပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊Forever Group နှင့် ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်တို့က တင်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။ ဂီတပွဲတော် ပြုလုပ် ရခြင်းနှင့်ပတ်သက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ''အစိုးရသစ်တက်လာ ပြီးနောက်ပိုင်းမှာ အစိုးရသစ်အနေနဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွနဲ့ အားသွန်ခွန်စိုက် အလေးထားပြီးတော့ ဆောင်ရွက်နေပါတယ်။ အခုဆို (၂၁) ရာစုပင်လုံ ပထမအကြိမ်၊ ဒုတိယအကြိမ် လုပ်ပြီးပါပြီ။ အခြား ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ အစည်း အဝေးတွေလည်း အများကြီး လုပ်ခဲ့ပြီးပါပြီ။ ဒါတွေကို ကျွန်တော်တို့က လူငယ်ထုအတွင်းမှာ များများစားစား မသိရှိနိုင်သေးတဲ့အတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီးတော့ သိအောင်ဘာလုပ်ကြမလဲဆိုပြီး စဉ်းစားကြတဲ့ အခါ လူငယ်တွေစိတ်ဝင်စားတဲ့ ဂီတနဲ့ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို သိအောင်လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ အခုလိုတစ်ဖက်တစ်လမ်းက ပါဝင်တာပါ'' ဟု ပြောသည်။
ငြိမ်းချမ်းရေးဂီတပွဲတော်ကို တောင်ကြီးမြို့၊ မြစ်ကြီးနား မြို့၊ မော်လမြိုင်မြို့၊ လားရှိုးမြို့၊ ပုသိမ်မြို့၊ စစ်တွေမြို့၊ ကလေးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော် တို့တွင် ဇူလိုင်လ ပထမပတ်မှစတင်ကာ အပတ်စဉ် ကျင်းပသွားမည်ဟု သိရသည်။ မြို့အလိုက် ဝင်ရောက် ယှဉ်ပြိုင်မည့် ဝါသနာရှင်များသည် ပထမအဆင့်အနေဖြင့် မိမိကြိုက်နှစ်သက်ရာသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင် နိုင်သည်။ ရွေးချယ်ခံရသူများသည် ဒုတိယအဆင့်တွင် သတ်မှတ်ထားသည့် ငြိမ်းချမ်းရေးသီချင်းများဖြင့် သီဆို ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယင်းတို့အနက်မှ လက်ရွေးစင် ၁ဝ ဦးကို ရွေးချယ်ကာ တတိယအဆင့်တွင် ငြိမ်းချမ်းရေး သီချင်းသစ်များဖြင့် သီဆိုယှဉ်ပြိုင်စေမည်ဟု သိရသည်။
''ဒီပွဲတော်လုပ်ခြင်းအားဖြင့် လူငယ်တွေပါဝင်လာမယ်။ နောက်တစ်ခါ ငြိမ်းချမ်းရေးနဲ့ဆက်စပ်တဲ့ ပရဟိတလုပ်ငန်း တွေမှာ ကျွန်တော်တို့အဖွဲ့ပရဟိတအနေနဲ့ သွားမယ်။ သက်ဆိုင်ရာမြို့တွေက ပရဟိတလူငယ်တွေပါလာမယ်။ အဲဒီလူငယ်တွေက ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်လာမယ်ဆိုရင် သူတို့စိတ်ထဲမှာ ငြိမ်းချမ်းရေးဆိုတဲ့ အသိလေးက ရှိသွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် သူတို့ပါဝင်သင့်တယ်ဆိုတာကို သိသွားမှာ ဖြစ်ပါတယ်''ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ဆက်လက်ပြော သည်။
ဂီတပွဲတော်တွင် ပရိသတ်၏ မဲပေးမှုစနစ် ၆ဝ ရာခိုင်နှုန်းနှင့် အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးမှု ၄ဝ ရာခိုင်နှုန်းကို ပေါင်းစပ်ကာ နောက်ဆုံးဆန်ခါတင်သုံးဦးကို ရွေးချယ်ပေးသွားမည်ဟု သိရသည်။ ပထမ ကျပ်သိန်း ၃ဝဝ၊ ဒုတိယ ကျပ်သိန်း ၂ဝဝ၊ တတိယ ကျပ်သိန်း ၁ဝဝ တို့အပြင် နှစ်သိမ့်ဆု ကျပ်သိန်း ၃ဝ စီ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။
''ကျွန်မတို့ အရာရာတိုးတက်ဖို့ တိုးတက်ဖို့ဆိုပြီး ပြောနေ ကြတယ်။ ကျွန်မတို့လည်း တိုးတက်ချင်တယ်။ အားလုံးလည်း တိုးတက်ချင်တယ်။ အကြီးအကဲတွေကလည်း တိုးတက် ချင်ကြမှာပါပဲ။ ဒါပေမယ့် ကျွန်မတို့က ပြည်တွင်းငြိမ်းချမ်းမှု မရှိဘူးဆိုရင်တော့ တိုးတက်ဖို့ဆိုတာ အဝေးကြီးလိုသေး တယ်။ အရင်ဆုံးတိုးတက်ဖို့ ပြောင်းလဲဖို့ဆိုရင် အိမ်တွင်း မိသားစုတစ်ဦးနဲ့တစ်ဦး သင့်မြတ်ကြမှ၊ ချစ်ခင်ကြမှ၊ ကြည်ဖြူကြမှပဲ ကိုယ့်အိမ်လေးက အေးချမ်းမှာ ဖြစ်ပါ တယ်။အရာရာတိုးတက်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ငြိမ်းချမ်းရေးရဖို့အတွက် ကိုယ့်အိမ်လေးလို သဘောထားမယ်၊ ကိုယ့်အိမ်သူအိမ်သားအချင်းချင်းလို သဘောထားပြီး သင့်မြတ်အောင်နေကြမှသာ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်သွားနိုင်မှာ ဖြစ်ပါတယ်'' ဟု တေးသံရှင် နီနီခင်ဇော် က ပြောသည်။
ယင်းဂီတပွဲတော် သတင်းစာရှင်းလင်းပွဲသို့ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ ဂီတအစည်း အရုံးမှ တာဝန်ရှိသူများ၊ တေးသီချင်းမူပိုင်ရှင်များအသင်း မှ တာဝန်ရှိသူများ၊ နာမည်ကျော်တေးသံရှင်များ၊ မီဒီယာ အသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း-ခင်ဇာလီ
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)
No comments:
Post a Comment