Sunday, June 25, 2017

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား(ဒလ)တည်ဆောက်ရေးစီမံကိန်း မြေသားခံနိုင်ဝန်စမ်းသပ်ခြင်းလုပ်ငန်း ဇူလိုင်လကုန်၌ ပြီးစီးရန်ခန့်မှန်း

Image may contain: sky, tree and outdoor
ရန်ကုန် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအားဖွံ့ဖြိုးတိုးတက်စေမည့် ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား(ဒလ)တည်ဆောက်ရေးစီမံကိန်းအား စတင်နေပြီဖြစ်ရာယခုအခါ မြေသားစမ်းသပ်ခြင်း (Soil Test) လုပ်ငန်း ၃ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး နေပြီဖြစ်ပြီး မြေသားခံနိုင်ဝန်စမ်းသပ်ခြင်း လုပ်ငန်းကိုလာမည့် ဇူလိုင်လကုန်ပိုင်း၌ ဆောင်ရွက်ပြီးစီးရန် ခန့်မှန်းထားကြောင်း ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား (ဒလ) တည်ဆောက်ရေးစီမံကိန်းမှ သိရသည်။
ရန်ကုန်ဘက်အခြမ်းဖြစ်သော ဘုန်းကြီးလမ်းတစ်လျှောက် ကမ်းနားလမ်းဘယ်ဘက် အခြမ်းနှင့် ညာဘက်အခြမ်း၌ မြေသား ခံနိုင်ဝန်စမ်းသပ်ရန်အတွက်ပွိုင့် ၅ဝ (Bore hole)တွင်းကျော်ရှိပြီး ဒလဘက်ခြမ်းတွင် ကမာ
ကဆစ်ရပ်ကွက်ရှိ လှေဆိပ်ထိပ်မှ နာရီစင် အဝိုင်းထိ မြေသားခံနိုင်ဝန်စမ်းသပ်ရန် အတွက် ပွိုင့်၁၄ (Bore hole)တွင်း ရှိမည်ဖြစ်သည်။Soil Test ပွိုင့် တူးဖော်ရရှိသည့်ရလဒ်များအပေါ်မူတည်ကာပွိုင့် အတိုးအလျော့များရှိမည်ဖြစ်ပြီး ပွိုင့် ၁ (Bore hole)တွင်း၏ အနက်မှာမီတာ ၇ဝ ဝန်းကျင်စီရှိကာ ပွိုင့်အကျယ်မှာ ၁ဝဝ မီလီမီတာစီရှိမည် ဖြစ်သည်။ မြစ်အတွင်းပွိုင့် ၆ (Bore hole)တွင်းရှိမည်ဖြစ်ပြီး ကမ်းစပ်တစ်ဖက်စီ၌ မြေသားခံနိုင်ဝန်စမ်းသပ်ရန်အတွက် ပွိုင့် ၂ (Bore hole) တွင်းစီလုပ်ဆောင်မည်ဖြစ်သည်။
လက်ရှိအနေအထားအရ ဘုန်းကြီးလမ်းဘက်အခြမ်း၌ ဗိုလ်ချုပ်လမ်းမှ ကမ်းနားလမ်းအထိအဖြောင့်အတိုင်းမြေသားခံနိုင်ဝန် စမ်းသပ်ရန်အတွက်ပွိုင့် ၁၄ (Bore hole)တွင်းကိုလွန်တူးစက် လေးစီးဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ဒလဘက်ခြမ်းတွင် ကမာကဆစ်ရပ်ကွက်ရှိ လှေဆိပ်ထိပ်မှ နာရီ
စင်အဝိုင်းထိ ပွိုင့် ၁၄ (Bore hole) တွင်းကို လွန်တူးစက်နှစ်စီးဖြင့် လုပ်ငန်းဆောင်ရွက် လျက်ရှိသည်။
ဒလဘက်ခြမ်း၌ မြေသားခံနိုင်ဝန်စမ်းသပ် ခြင်းလုပ်ငန်း ၉ဝ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ဒလကမ်းစပ်ဘက်အခြမ်း၌ ပွိုင့်တူးဖော်စမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ရန်ကုန်ဘက်ခြမ်း၌ မြေသားခံနိုင်ဝန် စမ်းသပ်ခြင်းလုပ်ငန်း ၂ဝ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ မြေသား စမ်းသပ်ခြင်း (Soil Test) လုပ်ငန်း၌ Geotechnical အင်ဂျင်နီယာဦးရေ ကိုးဦးရှိပြီး ဝန်ထမ်းနှင့် လုပ်သားအင်အား ၅ဝ ဦးဖြင့် စီမံကိန်း မြေသားစမ်းသပ်ခြင်း (Soil Test) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မြေသားစမ်းသပ်ခြင်း (Soil Test) လုပ်ငန်း လုပ်ဆောင်နေသည့် UNTAC TECHNOLOGIESကုမ္ပဏီလီမိတက်မှ Operation မန်နေဂျာဦးမင်းသက်ဇော်က ''ကျွန်တော်တို့အနေနဲ့  ခံနိုင်ရည်စွမ်းကောင်းမွန်တဲ့ မြေကြီး ရောက်တဲ့အထိ မရောက်မချင်းစမ်းသပ်မှုများလုပ်ဆောင်နေပါတယ်။ မြေစမ်းသပ်မှုလုပ်ဆောင်ရာမှာ ဒလဘက်ခြမ်းက အခက် အခဲမရှိပေမယ့် ရန်ကုန်ဘက်ခြမ်းမှာက မြေအောက်ကေဘယ်ကြိုးများ၊ ရေပိုက်လိုင်းများ လွတ်ကင်းအောင် တူးဖော်ဆောင်ရွက်ရပါ တယ်။ နောက်ကြုံလာမယ့် အခက်အခဲက တော့ ဘုန်းကြီးလမ်းကမ်းနားဘက်ခြမ်းမှာဟိုးအရင်ကတည်းကရှိနေတဲ့ မြစ်ရေထုတ်မြောင်းပါ။ ဒီမြောင်းက လမ်းလယ်မှာရှိနေ တော့ အဲ့ဒီနေရာလုပ်ဆောင်တဲ့အခါမှာ အခက်အခဲဖြစ်နိုင်သလို နောက်ပိုင်း ဖောင်
ဒေးရှင်းလုပ်ငန်းလုပ်ဆောင်တဲ့အခါမှာလည်း အဲဒီ့အပိုင်းကို ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း မြစ်တစ်ခုရဲ့ တစ်ဖက်တစ်ချက်စီမှာ ကြည့်လိုက်မယ်ဆိုရင် စည်ကားလှပစွာရှိနေပြီး ခေတ်မီတဲ့ပုံစံကို တွေ့မြင်ရ နိုင်ပါတယ်။ ဒီတံတားကြီးတည်ဆောက်ပြီးစီးသွားပြီဆိုရင်တော့ ရန်ကုန်ဘက်ခြမ်းရော ဒလဘက်ခြမ်းပါ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးပါအစစအရာရာ အဆင်ပြေလာမှာပါ၊ ပြီးတော့ မြစ်ကို လှေနဲ့ ဖြတ်သန်းပြီးအလုပ်လုပ်ကိုင်နေကြ ရတဲ့ ပြည်သူများရဲ့ အသက်အန္တရာယ်ပါ လုံခြုံစိတ်ချရစေမှာဖြစ်ပါတယ်။ ဒီမြေသား စမ်းသပ်ခြင်း (Soil Test) လုပ်ငန်းမှာလည်း အခြားအခက်အခဲနဲ့ ရာသီဥတုအခက်အခဲမရှိဘူးဆိုရင် ဇူလိုင်လကုန်လောက် ဆောင်ရွက်ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်'' ဟု လုပ်ငန်းခွင်အတွင်း ရှင်းပြသည်။
လမ်းအသုံးပြုသူများအတွက် အဆင်ပြေစေရန်ဆောင်ရွက်နေသော ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား(ဒလ)တည်ဆောက်ရန် အတွက် ပြီးခဲ့သည့် ဧပြီနောက်ဆုံးအပတ်က မြေသားစမ်းသပ်ခြင်း (Soil Test) လုပ်ငန်း
များအားစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား(ဒလ)တည်ဆောက်ရေးစီမံကိန်းမှ သိရသည်။
(စိုးဝင်း-MLA)

No comments:

Post a Comment