Wednesday, June 28, 2017

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်

Image may contain: one or more people, people on stage and indoor
ကနီ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ယာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲကို ဇွန် ၂၄ ရက်က အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ယာကြီးအခြေခံပညာအထက်တန်းကျောင်းဆိုင်းဘုတ်အား
ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ယင်းမာပင်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဌေးဝင်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းတိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားအားဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများ
က မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ပြီး တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ယင်းမာပင်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးကျော်ဌေးဝင်းနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းတိုးတို့က အဖွင့်အမှာစကားပြောကြားပြီး ယာကြီးအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဦးက ယာကြီးကျောင်း၏ သမိုင်းအကျဉ်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အလှူရှင် ဦးသိန်းကျော်နှင့် ဇနီးဒေါ်ဆယ်တို့က ယာကြီးအခြေခံပညာအထက်တန်းကျောင်း ငွေပဒေသာပင်အတွက် အလှူငွေတစ်သိန်း လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့သည်။
'' ကျွန်တော်တို့ ယာကြီးကျေးရွာဟာ ကနီမြို့နှင့် ၁၆ မိုင်ကွာဝေးသဖြင့်
ကျွန်တော်တို့သားသမီးတွေရဲ့ ပညာရေးသင်ကြားခွင့်က အလွန်ခက်ခဲရပါ
တယ်။ အခုဆိုရင် ကျွန်တော်တို့ကျေးရွာမှာ သားသမီးတွေကို ဆယ်တန်းအထိ ပညာသင်ကြားရတော့မှာဖြစ်တဲ့အတွက် များစွာဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီလို ရွာမှာတင် ပညာသင်ကြားခွင့်ရတော့ တစ်နယ်တစ်ကျေးကျောင်းသွားထားရတော့ မိဘတွေက သားသမီးကို စိတ်မချဖြစ်ရမှုတွေကနေ ကင်းဝေးပြီး မိမိတို့နှင့် အိုးမကွာအိမ်မကွာ ပညာသင်ကြားခွင့်ရရှိ၍ ကျေးရွာမိဘပြည်သူများကိုယ်စား ကျေးဇူးတင်ပါတယ်'' ဟု ကျေးရွာရပ်မိရပ်ဖ ဦးမြတ်မိုးက ကျေးဇူးတင်ဝမ်းသာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)

No comments:

Post a Comment