Wednesday, June 28, 2017

ကမ္ဘာ့ချန်ပီယံအတွက် ယှဉ်ပြိုင်ထိုးသတ်ကြမည့် အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ခ်ျ


Image may contain: one or more people
ရန်ကုန် ဇွန် ၂၇
ကမ္ဘာ့ချန်ပီယံပြိုင်ပွဲအတွက် ဇွန် ၃ဝ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမ၌ ယှဉ်ပြိုင် ထိုးသတ်မည့် အောင်လအန်ဆန်နှင့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဗစ်တာလီဘစ်ဒက်ခ်ျတို့၏ လေ့ကျင့်ပြင်ဆင် နေပုံများကို မေးမြန်းတင်ပြလိုက်ပါသည်။
အောင်လအန်ဆန်
လေ့ကျင့်တာ သုံးလလေးလလောက်ရှိပြီ။ ဒီပွဲအတွက်ပဲ အာရုံစိုက်လေ့ကျင့်ထားတယ်ဆိုတော့ ယုံကြည်မှုရှိပါတယ်။ ပထမပွဲတုန်းက လေ့ကျင့်မှုအချိန်သိပ်မရခဲ့ဘူး။ သူနဲ့ယှဉ်ပြိုင်မယ့်သူက နာသွားတဲ့အတွက် ကျွန်တော်က အစားဝင်ရောက်ယှဉ်ပြိုင်ပေးခဲ့ရတယ်။ ၁ဝ ရက်ပဲ လေ့ကျင့်ချိန်ရလိုက်တယ်။ ဒါပေမယ့် ကြိုးစားပြီးတော့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။ ဒီပွဲအတွက်ကတော့ ပြင်ဆင် ချိန်တွေရတဲ့အတွက် ပိုကောင်းအောင်ကြိုးစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြိုင်ဘက်ရဲ့အားနည်းချက်တွေကို လေ့လာတယ်။ နယ်သာလန်မှာရှိတဲ့ မစ်ဒယ်ဝိတ် ကစား သမားတွေနဲ့လည်း လေ့ကျင့်ခဲ့ပါတယ်။ အခုပွဲက အပြင်း ထန်ဆုံးတိုက်ပွဲတစ်ခုဖြစ်လာပြီး အဲဒီညမှာ အောင်မြင်မှု တွေနဲ့ ပိုတော်တဲ့လူတစ်ဦး ထွက်ပေါ်လာမှာပါ။ အောင်မြင်မှုရရှိဖို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားမှာပါလို့ ပရိသတ်ကြီးကို ကတိပေးပါတယ်။
ဗစ်တာလီဘစ်ဒက်ခ်ျ
ယုံကြည်မှုကတော့ အပြည့်ရှိပါတယ်။ အကောင်းဆုံး အနေထားကို ပြင်ဆင်ထားပါတယ်။ သူ့ရဲ့အားနည်းချက် ကတော့ ထူးထူးခြားခြားမတွေ့ပါဘူး။ အခုအချိန်က အပြောနဲ့ သက်သေပြနေရမယ့် အချိန်မဟုတ်တော့ ပါဘူး။ ကြိုးဝိုင်းထဲမှာ ဘယ်အရာတွေက ဆက်လက် တက်လှမ်းဖို့ကျန်ရစ်ပြီး ဘယ်အရာတွေကို အကောင်းဆုံး ကြိုးစားပြင်ဆင်နိုင်မလဲကို ကြည့်ရမယ့်အချိန်ရောက် နေပါပြီ။ အောင်လဟာ ကျွန်တော်ယှဉ်ပြိုင်ခဲ့တဲ့သူတွေ ထဲမှာ သန်မာပြီး တောင့်ခံနိုင်သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့စိတ်အားထက်သန်မှုတွေက အကောင်းဆုံးရလဒ် များရရှိအောင် လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ အခုလုပ်မယ့် ပွဲမှာလည်း အောင်လရဲ့တိုက်ကွက်တွေကို ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ခါးပတ်ကို ပခုံးပေါ်တင်ပြီး အိမ်ကို အောင်မြင်မှုတွေနဲ့ ပြန်ပါမယ်။
၎င်းတို့နှစ်ဦးသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ Junction Mawtin (၅)လွှာ Gym ခန်းမ၌ အားကစား လေ့ကျင့်မှုများကို ပရိသတ်များနှင့် မီဒီယာများကို ပြသခဲ့သည်။
သတင်း-ဇာနည်မောင်၊ ဓာတ်ပုံ-အေးမင်းသူ

No comments:

Post a Comment