Wednesday, June 28, 2017

မြစ်ရေဝင်ရောက်မှုကာကွယ်ရန် ကမ်းနားတစ်လျှောက် ကျောက်ရိုးစီ တာပေါင်တည်ဆောက်

Image may contain: sky, bridge, outdoor and water
ရေစကြို ဇွန် ၂၇
ရေစကြိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ မြို့အတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကို ကာကွယ်နိုင်ရန် အတွက် ကမ်းနားတစ်လျှောက် ကျောက်ရိုးစီ တာပေါင်မြှင့်လုပ်ငန်း များကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂ဝဝ ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် နှစ်စဉ်ကဲ့သို့ မြစ်ရေကြီးမှုကြောင့် ကမ်းနားတစ် လျှောက် မြို့ရေကာတာကိုကျော်၍ လူနေရပ်ကွက်များအတွင်း ရေဝင် ရောက်မှုကြောင့် ပြည်သူများ သွားလာရေး အဆင်မပြေသလို အရောင်းအဝယ်များလည်း ထိခိုက် သဖြင့် မြို့အတွင်းရေဝင်ရောက်မှုမှ ကာကွယ်ရန် ယခုကဲ့သို့ ကျောက်ရိုးစီ တာပေါင် မြှင့်ခြင်းလုပ်ငန်းကို ဦးစားပေး ဆောင်ရွက်နေခြင်းဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်ဟန် က ပြောသည်။
''ကမ်းနားတစ်လျှောက် မြို့ရေကာ တာ ကမ်းထိန်းနံရံတွေက ၁၉၉၁ ခုနှစ် လောက်ကတည်းက ဆောက်ထား တာဖြစ်ပါတယ်။ အခု ချင်းတွင်းမြစ်ရေ ကြီးတာက အရင်နဲ့မတူဘူး။ တစ်ခါ တစ်ရံ ခန့်မှန်းမရအောင် ကြီးတာဆို တော့ ယခင်(လယ်ဘယ်)နဲ့မကိုက်ညီ တော့ဘူး။ ယမန်နှစ်က မြစ်ရေနှစ်ကြိမ် ကြီးပြီး မြို့ရဲ့စိုးရိမ်ရေမှတ် ၂၉ ပေ ၇ လက်မအထက် တစ်ပေသာသာ အထိ ရောက်ရှိတဲ့အတွက် ရပ်ကွက် များအတွင်း မြစ်ရေဝင်ရောက်လို့ လူနဲ့ တိရစ္ဆာန်တွေ ဒုက္ခရောက်ကြရ တယ်။ ဒါကြောင့် ယခု နှစ်ပေမြင့်ပြီး ကျောက်ရိုးစီ တာပေါင်လုပ်ငန်းကို ဆောင်ရွက်ခဲ့တာပါ''ဟု လက်ထောက် အင်ဂျင်နီယာ ဦးစိုးနိုင်ဦးက ရှင်းပြ သည်။
ယခုကဲ့သို့ ကမ်းနားတစ်လျှောက် တာပေါင်မြှင့်တင်ပေးခြင်းကြောင့် မြို့အတွင်း ရေဝင်ရောက်မှုမှကာကွယ် နိုင်ခြင်းဖြင့် သွားလာရေး၊ ရောင်းဝယ် ရေးများ အဆင်ပြေတော့မည်ဖြစ် ကြောင်း သိရသည်။
ဖေထွဏ်းဇော်(ရေစကြို)

No comments:

Post a Comment