Wednesday, June 28, 2017

လူငယ်လူရွယ်များ ပြုစုပျိုးထောင်ရေး




လူငယ်လူရွယ်များအရွယ်သည် အဓိကအားဖြင့် ပညာသင်ကြားရမည့် အရွယ်များဖြစ်ပြီး အကယ်၍ ပညာသင်ကြားနိုင်ခြင်းမရှိပါက အသက်မွေးဝမ်းကျောင်းပညာတစ်မျိုးမျိုးသင်ကြားခြင်း သို့မဟုတ် အသက်မွေး ဝမ်းကျောင်းပညာရပ် အလုပ်အကိုင်တစ်ခုခုတွင်လုပ်ကိုင်ခြင်း ဖြစ်နေသင့်သည်။ သို့မဟုတ်ပါက အဆိုပါလူငယ်လူရွယ်များမှာ လေလွင့် လူငယ်လေးများအဖြစ်သို့ရောက်ရှိပြီး မိသားစုအတွက်လည်း အကျိုးမဖြစ်ထွန်း၊ နိုင်ငံအတွက်လည်း အကျိုးမရှိဖြစ်ကာ အနာဂတ်တွင် ရင်လေးစရာပြဿနာများ ဖြစ်လာနိုင်သည်။
လတ်တလောတွင် လူငယ်လူရွယ်များ အမှုအခင်းဖြစ်စဉ်များတွင် ပါဝင်လာသည်ကို မြင်တွေ့လာရသည်။ ထိုလူငယ်လူရွယ်များမှာ ပညာသင်ကြားခြင်းမရှိ၊ အသက်မွေးဝမ်းကျောင်းအတတ်ပညာ သင်ကြားခြင်းမရှိ၊ အလုပ်အကိုင်လုပ်ကိုင်ခြင်းလည်း မရှိကြချေ။ ထိုလူငယ်များမှာ အသိုင်းအဝိုင်းမှားယွင်းမှုကြောင့်လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်လည်းကောင်း မဖြစ်သင့်မဖြစ်ထိုက်သော အဖြစ်များတွင် ပါဝင်လာကြရသည်။
လူငယ်ဟူသည်မှာ စူးစမ်းလိုခြင်း၊ စွန့်စားလိုခြင်း စိတ်ဓာတ်များ ပြင်းပြကြသော အရွယ်များဖြစ်ကြ၍ ပညာရပ်နယ်ပယ်များတွင်သာ ရှိသင့်သည်။ သို့တည်းမဟုတ် အလုပ်အကိုင်နယ်ပယ်တွင်သာ ရှိသင့်သည်။ ကလေးသူငယ်ဆိုသည်မှာ ဖရောင်းကဲ့သို့ ပုံသွင်းရလွယ်ကူသော အရွယ်များဖြစ်၍ လူကြီးများက လိုရာပုံကို သွင်းပေးရမည်ဖြစ်ရာ လှပသောပုံလေးများဖြစ်အောင် သွင်းပေးရမည်ဖြစ်သည်။ အကယ်၍ လမ်းမှားရောက်သည်ဆိုပါကလည်း လမ်းမှန်ပြန်ရောက်အောင် တည့်မတ်ပေးကြရမည်ဖြစ်သည်။
ပြစ်မှုကျူးလွန်မိသော လူငယ်လူရွယ်များအား အပြစ်ပေးအရေးယူ ခြင်းထက် အဆိုပါလူငယ်များအား ပြန်လည်တည့်မတ်အောင် လမ်းမှန်သို့ ပို့ဆောင်ပေးခြင်းသည်သာ အကောင်းဆုံးဖြစ်မည်။ လူငယ်များ၏ ကျူးလွန်ခဲ့သောအမှုအခင်းမြောက်အောင် မည်သည့်အရာက စေ့ဆော် ပေးခဲ့သည်၊ ထိုလူငယ်များတွင် မည်သည့်အားနည်းချက်များရှိသည်၊ မည်သည့်လိုအပ်ချက်များရှိသည်တို့ကို ပြန်လည်ဆန်းစစ်လေ့လာ သုံးသပ်ကြည့်ရမည်ဖြစ်သည်။ ပြီးမှ ထိုလူငယ်များကို မည်သို့ပြန်လည် ပြုစုပျိုးထောင်ပေးရမည်ကို စဉ်းစားကြရမည်ဖြစ်သည်။
မူးယစ်ဆေးဝါးသားကောင်ဖြစ်ရသော လူငယ်တစ်ယောက်ကို ပြစ်ဒဏ်ချမှတ်ခြင်းသည် ပြီးပြည့်စုံသည့် အဖြေတစ်ခုမဟုတ်ဘဲ ထိုလူငယ်၏ဘဝအား ပြန်လည်ထူထောင်အောင် ဆောင်ရွက်ပေးနိုင်ခြင်း သည်သာ ပိုမိုကောင်းမွန်သည့်အဖြေ ဖြစ်ပေလိမ့်မည်။ အသက်အရွယ် အလိုက် ပြစ်မှုကျူးလွန်မိသော လူငယ်များအား လူငယ်ပြုပြင်ရေးစခန်း၊ လူငယ်ထိန်းသိမ်းရေးစခန်း၊ လူငယ်ပြုစုပျိုးထောင်ရေးစခန်းများဟူ၍ ရှိခဲ့ပြီးဖြစ်သည်။ ထိုလူငယ်များ၏ လိုအပ်ချက်များကို စေ့စပ်သေချာအောင် ဖော်ထုတ်၍ အနာဂတ်တွင် ကောင်းမွန်လာအောင် ဆောင်ရွက်ပေး ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူငယ်လူရွယ်များ အမှုအခင်းဖြစ်စဉ်များတွင် ပါဝင်လာကြသည်မှာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ လူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်းသည် ငွေကြေးရရှိလိုမှုမှတစ်ဆင့် လမ်းလွဲသို့ ရောက်ရှိသွားခြင်းဖြစ်တန်ရာ အကြောင်းရှိသည်။ အခြားတစ်ခုမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လမ်းမှားသို့ ရောက်ရှိသွားခြင်းလည်း ဖြစ်နိုင်သည်။
သို့ဖြစ်၍ လမ်းမှားသို့ရောက်ရှိသွားသော လူငယ်လူရွယ်များ လမ်းမှန်ပေါ်သို့ပြန်လည်ရောက်ရှိရေး၊ အခြားလူငယ်လူရွယ်များလည်း လမ်းမှားပေါ်သို့ ထပ်မံမရောက်ရှိရေးအတွက် လူငယ်လူရွယ်များအတွက် ပညာသင်ယူမှုအခွင့်အလမ်းများ၊ အသက်မွေးဝမ်းကျောင်းပညာသင်ယူ နိုင်မည့်အခြေအနေကောင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့်လူငယ်လူရွယ်များ စဉ်ဆက်မပြတ်ပေါ်ထွက်ကာ အေးချမ်းသာယာသည့် လူ့ဘောင်လောကကို တည်ဆောက်နိုင်မည်ဖြစ်သည်။

No comments:

Post a Comment