Wednesday, June 28, 2017

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အား အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်

SME (Small and Medium Enterprise) အသေးစားနှင့်အလတ်စား လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားတွင် အရေးပါ သော အခန်းကဏ္ဍများ၌ ရှိနေကြသည်။ စီးပွားရေးအင်အားကြီးနိုင်ငံများ တွင်ပင်SME များသည် အရေးပါကြပြီး ကမ္ဘာကျော်ကုန်အမှတ်တံဆိပ် ပိုင်ရှင် ကော်ပိုရေးရှင်းကြီး   တချို့သည်ပင် SME ဘဝမှစတင်ခဲ့ကာ မိမိတို့၏  ထုတ်ကုန်များအတွက်လည်းSME များနှင့်  ချိတ်ဆက်၍ လုပ်ငန်းခွဲဝေလုပ်ကိုင်ကြရသည်။ နိုင်ငံများအနေဖြင့်လည်းSME  ခေါ်  အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးသည်နှင့်အမျှ အလုပ်အကိုင် များ ဖန်တီးပေးနိုင်သည့်အတွက်SME များ ဖွံ့ဖြိုးရေးကို  ဆောင်ရွက်ပေး ကြရသည်။
အသေးစားနှင့်အလတ်စားလုပ်ငန်း  အဓိပ္ပာယ်သတ်မှတ်ရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားခြားနားမှုတို့ရှိသည်။ မိမိတို့နိုင်ငံအနေဖြင့် အသေးစားလုပ်ငန်းများအား ထုတ်လုပ်မှုကဏ္ဍ၌ လုပ်သား ၁ဝ ဦးမှ ၇ဝ ကြား၊  မြေအရင်းအနှီးဖိုးမပါ  ကျပ်သန်း ၅ဝဝ အောက်ရင်းနှီးမြှုပ်နှံထား သောလုပ်ငန်းများနှင့်  ဝန်ဆောင်မှုကဏ္ဍတွင်  လုပ်သားဦးရေ ၁ဝ ဦးမှ ၅ဝ ကြား၊  မြေတန်ဖိုးမပါ  ကျပ်သန်း ၂ဝဝ အောက်ရင်းနှီးမြှုပ်နှံထား သော  လုပ်ငန်းများကိုဆိုလိုပြီး  အလတ်စားလုပ်ငန်းများကိုမူ  ထုတ်လုပ်မှု ကဏ္ဍတွင်  လုပ်သားအင်အား ၇ဝမှ ၁၅ဝ ကြားရှိပြီး  ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၁ဝဝ အောက်နှင့် ဝန်ဆောင်မှုကဏ္ဍတွင် လုပ်သား အင်အား ၅ဝ မှ ၁ဝဝ ကြားရှိပြီး ရင်းနှီးမြှုပ်နှံမှုကျပ်သန်း ၅ဝဝ အောက် ရှိသော လုပ်ငန်းများဟု ဖွင့်ဆိုထားသည်။
နိုင်ငံတစ်နိုင်ငံ၏  ဖွံ့ဖြိုးတိုးတက်မှုတွင် SME  လုပ်ငန်းများဖွံ့ဖြိုး တိုးတက်မှုဖြင့် စတင်ကြရသည့်အလျောက် နိုင်ငံတော်အစိုးရကSME လုပ်ငန်းများ စွမ်းဆောင်ရည်မြင့်မားကာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး  နိုင်ငံတော်သမ္မတက  ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီကို   ယမန်နှစ်အတွင်းကပင်   ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
တစ်ဖက်တွင်လည်း  အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်နှင့်၎င်းတို့ကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြိုဆိုအားပေးရန်အချက်များကို စီးပွားရေးမူဝါဒ၊ ရင်းနှီး မြှုပ်နှံမှုမူဝါဒနှင့်  သက်ဆိုင်ရာဥပဒေများတွင်  ပါဝင်ပြဋ္ဌာန်းပေးထားပြီး ဖြစ်သည်။ မိမိတို့နိုင်ငံပြည်တွင်းစီးပွားရေးတွင် အသေးစားနှင့် အလတ်စား  လုပ်ငန်းများမှာ လုပ်ငန်းအားလုံး၏ ၉ဝ ရာခိုင်နှုန်းခန့်ရှိသည့်အလျောက်SME များ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာ၊ အခြေခံအဆောက်အအုံများ စသည့်ပံ့ပိုးကူညီမှု များကို ဖိဖိစီးစီးဆက်လက်ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် ပြည်တွင်းဈေးကွက်အတွင်းသို့ ပတ်ဝန်းကျင် နိုင်ငံများမှ  ထုတ်လုပ်သည့်  လူသုံးကုန်ပစ္စည်း၊  အိမ်သုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများမှသည် သားငါးနှင့် ပန်းမန်၊ သစ်သီးဝလံများ အထိ ဝင်ရောက်လာနေကြရာ ပြည်တွင်းရှိနည်းပညာအရ၊ ရင်းနှီးမြှုပ်နှံမှု အရ နိမ့်ကျသော၊ အရည်အသွေးလည်းကောင်းမွန်မှုမရှိ၊ ထုတ်လုပ်မှုစရိတ် လည်း မြင့်နေသော လုပ်ငန်းများအနေဖြင့် ယှဉ်ပြိုင်နိုင်မှုမရှိဘဲ တစ်စတစ်စနှင့်ပြိုလဲသွားမည့်အခြေအနေသို့ ရောက်ရှိသွားနိုင်မည် ဖြစ်သည်။ ယင်းအခြေအနေတို့ကို  ရှောင်လွှဲနိုင်ရေးအတွက်  လိုအပ်ချက်များကို ဖြည့်ဆည်းဖန်တီးပေးကာ  အစိုးရနှင့်ပုဂ္ဂလိကတို့  အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်  စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားသွားနိုင်မည်ဟု ရှုမြင်မိပါကြောင်း။       ။


No comments:

Post a Comment