တိုက်ကြီးများဖလားရယ်လို့ လူသိများတဲ့ ကွန်ဖက်ဒရေးရှင်းဖလားရဲ့ အုပ်စု(A) နောက်ဆုံးပွဲစဉ်တွေကို ဇွန် ၂၄ ရက်တွင် ယှဉ်ပြိုင်ခဲ့ရာမှာ ပေါ်တူဂီအသင်းနဲ့ မက္ကဆီကိုတို့ဟာ ပြိုင်ဘက်အသင်းတွေကို အနိုင်ယူပြီး အကြိုဗိုလ်လုပွဲဆီကို တက်ရောက်သွားပြီဖြစ်ပါတယ်။ စိန့်ပီတာစဘတ်မြို့၌ ယှဉ်ပြိုင်ခဲ့တဲ့ ပေါ်တူဂီနဲ့ နယူးဇီလန်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ပေါ်တူဂီအသင်းက လေးဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့တာပါ။
ပေါ်တူဂီအတွက် သွင်းဂိုးတွေကို စီရိုနယ်လ်ဒို၊ အန်ဒရီဆေးလ်ဗား၊ ဘာနာဒိုဆေးလ်ဗားနဲ့ နာနီတို့က သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ ပေါ်တူဂီအသင်းရရှိခဲ့တဲ့ ပင်နယ်တီကို စီရိုနယ်လ်ဒိုက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီးနောက်မှာတော့ နယူးဇီလန်အသင်း ဖိအားဝင်သွားတာကြောင့် နောက်ထပ်ဂိုးတွေကို ဆက်တိုက်ဆိုသလို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ပေါ်တူဂီ နောက်ခံလူ ပီပီကတော့ ယခုပွဲမှာ အဝါကတ် ထပ်မံပြသခံခဲ့ရတာကြောင့် နှစ်ဝါထိထားပြီးဖြစ်တဲ့အတွက် အကြိုဗိုလ်လုပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။
မက္ကဆီကို အသင်းကတော့ အိမ်ရှင်ရုရှားအသင်းကို နှစ်ဂိုး-တစ်ဂိုး နဲ့ ခက်ခက်ခဲခဲအနိုင်ယူပြီး ပေါ်တူဂီအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အုပ်စုဒုတိယအဖြစ်နဲ့ အကြိုဗိုလ်လုပွဲအဆင့်ကို တက်လှမ်းလာတာဖြစ်ပါတယ်။ အိမ်ရှင်ရုရှားဟာ ဒီပွဲအနိုင်ရမှ နောက်တစ်ဆင့် တက်ရောက်နိုင်မှာဖြစ်တာကြောင့် ကြိုးစားကစားခဲ့ပြီး ဦီးဆောင်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပေမယ့် တောင်ပံတိုက်စစ်မှူး ဇာကော့ဗ် ထုတ်ပယ်ခံရခြင်းနဲ့အတူ ကိုယ့်ရေကိုယ့်မြေမှာပဲ မက္ကဆီကို အသင်းကို ရှုံးနိမ့်ခဲ့လို့ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းက လာမယ့် ဇွန် ၂၈ ရက်မှာ အုပ်စု(B) ဒုတိယရတဲ့ အသင်းနဲ့ အကြိုဗိုလ်လုပွဲ ရင်ဆိုင်ရမှာဖြစ်ပြီး မက္ကဆီကိုအသင်းကတော့ အုပ်စု (B) ပထမရတဲ့ အသင်းနဲ့ ဇွန် ၂၉ ရက်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
မေလဲ့သင်း
No comments:
Post a Comment